ဆန်တွေ လုယက် စားသောက်လေ့ရှိတဲ့ လူသတ် ဆင်ရိုင်းကြီးကို အိန္ဒိယမှာ ဖမ်းဆီးရမိ

မေ၊ ၁

အိန္ဒိယ နိုင်ငံမှာ လူသတ် တောဆင်ရိုင်းကြီး တကောင်ကို အာဏာပိုင်တွေက အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီ ဆင်ကြီးဟာ စပါးတွေကို နှစ်နှစ်ခြိုက်ခြိုက် အရသာ တွေ့နေပြီး အိန္ဒိယတောင်ပိုင်း၊ ကီရာလာ ပြည်နယ်ထဲက ကျေးရွာတချို့ရဲ့ စပါးကျီတွေ၊ ဆန်ဆိုင်တွေကို ဝင်ရောက် ဖျက်ဆီးခဲ့သလို လူ ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ ဒေသတွင်းမှာတော့ ဆန်စားတဲ့ အစွယ်ကောင်ကြီးလို့ အဓိပ္ပါယ်ရတဲ့ အရီကွမ်ဘန်လို့ နာမည်ပေးထားကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ လူပေါင်း ၁၅၀ လောက် ပါဝင်တဲ့ အဖွဲ့ဟာ ဆင်ရိုင်းကြီးကို ချောင်ပိတ်နိုင်အောင် ဝိုင်းဝန်းတောခြောက်ခဲ့ကြပြီး မေ့ဆေး သေနတ်တွေနဲ့ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း Indian Express သတင်းဌာနက ဖော်ပြသွားပါတယ်။ ဆင်ကြီး သတိမေ့သွားအောင် မေ့ဆေးကျည်အပ် ၅ စင်းထိ ပစ်ခတ်ခဲ့ရပါတယ်။

ဆင်ကြီးကို ဖမ်းမိခဲ့တဲ့နောက် ခြေထောက်တွေကို ထူးခတ်၊ မျက်လုံးကို အဝတ်နဲ့ စည်းနှောင်ပြီး ဆင်ယဉ်တွေရဲ့ အကူအညီနဲ့ ဝိုင်းညှပ်စေပြီး ထရပ်ကားပေါ် တင်ခဲ့ရပါတယ်။ နောက်တော့ ဆင်ကြီးကို ခြေရာခံ လည်ပတ်တခု တပ်ဆင်ပေးပြီး လူသူကင်းဝေးရာ ဘေးမဲ့သစ်တော တခုဆီ လွှဲပြောင်း ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

အရီကွမ်ဘန်ကို လိုက်ဖမ်းဖို့ ကြိုးစားခဲ့ဖူးတာ ဒီတကြိမ်က ပထမဆုံး မဟုတ်ပါဘူး။ အသက် ၃၀ အရွယ် ဆင်ကြီးကို မေ့ဆေးနဲ့ ပစ်ခတ် ဖမ်းဆီးဖူးပေမယ့် ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အရီကွမ်ဘန်ဟာ နှစ်အတော်ကြာ ပျောက်ဆုံးနေရာက ပြီးခဲ့တဲ့ လကစပြီး လူနေ ကျေးရွာတွေနားမှာ ပြန်ပေါ်လာသလို စပါးကျီတွေ၊ ဆန်ဆိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါတယ်။ ဆင်ရိုင်းကြီး သောင်းကျန်းခဲ့တဲ့ ကာလတွေတလျှောက် သူ့လက်ချက်နဲ့ လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တဲ့အတွက် ထိထိရောက်ရောက် တုံ့ပြန်ဖို့ အာဏာပိုင်တွေအပေါ် ဖိအားတွေ တိုးလာခဲ့တာပါ။ 

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတွေကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝ စားကျက်မြေတွေထိ လူနေဧရိယာတွေ အလွန်အကျွံ ချဲ့ထွင်ခြင်းက လူနဲ့ တိရစ္ဆာန်တွေကြား ထိပ်တိုက် ပဋိပက္ခတွေကို တိုးပွားလာစေတယ်လို့ ဝေဖန်ထားကြပါတယ်။ မနှစ်တုန်းကလည်း အိန္ဒိယ အာဏာပိုင်တွေဟာ နိုင်ငံ အရှေ့ပိုင်းမှာ လူ ၉ ဦးထက် မနည်းကို သတ်ဖြတ်ခဲ့ပြီး ချမ်ပါရန်ရဲ့ လူသားစားကောင်ကြီးလို့ နာမည်ပေး ခံရတဲ့ ကျားရိုင်းတကောင်ကို အသေပစ်ခတ် နှိမ်နင်းခဲ့ရဖူးပါတယ်။

 

Ref: Indian Express