အောင်ပွဲခံရင်း ခြေထောက်နာသွားတဲ့ လီဗာပူး မန်နေဂျာ ကလော့ပ်

မေ၊​ ၁

နိုင်ပွဲအတွက် အကြီးအကျယ် အောင်ပွဲခံရင်း လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ခြေထောက်မှာ အနည်းအကျဉ်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဂျာမန်သား မန်နေဂျာက သူ့အသင်းဟာ နောက်ကျ အနိုင်ဂိုးနဲ့ တော့တင်ဟမ် ဟော့စပါးအပေါ် အသာစီး ရခဲ့တဲ့အချိန် စိတ်မထိန်းနိုင်လောက်အောင် ပျော်သွားမိတယ်လို့ ဝန်ခံခဲ့ပါတယ်။ လီဗာပူးဟာ တော့တင်ဟမ်ကို ၃ ဂိုး အသာစီးနဲ့ ဦးဆောင်နေခဲ့ပြီးမှ ဧည့်သည် လန်ဒန်ကလပ်ရဲ့ ၃ ဂိုး ပြန်လည် ချေပမှုကြောင့် ဖိအားဝင်ခဲ့ပါတယ်။ ဒါပေမဲ့ တော့တင်ဟမ်အတွက် ရစ်ချာလီဆန်က တတိယ ချေပဂိုး သွင်းပြီးတဲ့နောက် ၁ မိနစ်ကျော်မှာတင် လီဗာပူးအတွက် ဒီယိုဂို ယိုတာက အဖိုးတန် အနိုင်ဂိုးကို ထပ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂိုး ရရှိသွားတဲ့အချိန် ကလော့ပ်က ကွင်းဘေးမှာ ရှိနေတဲ့ စတုတ္ထ အကူဒိုင်ဆီ ပြေးသွားပြီး အောင်ပွဲခံခဲ့ရာက တံကောက်ကြော နာကျင်သွားဟန် တွေ့ရပါတယ်။ သူဟာ စတုတ္ထဒိုင်ကို မလေးမစား ပြုမူတဲ့ သဘောမျိုး ဖြစ်နေတယ်ဆိုပြီး ကွင်းလယ်ဒိုင် ပေါလ်တီယာနေးရဲ့ အဝါကတ်ပြား ပြသ သတိပေးခြင်းကိုပါ ခံခဲ့ရပါတယ်။ ကလော့ပ်အတွက်တော့ အဝါကတ် ပြခံရပြီး ခြေထောက်လည်း နာသွားပေမယ့် တန်တယ်လို့ ယူဆနေပုံပါ။

အဲဒီအချိန်မျိုးမှာ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုက ဘာနဲ့မှ မတူဘဲ ထိန်းချုပ်ရ ခက်ခဲလွန်းကြောင်း၊ သူအပါအဝင် အသင်းအနေနဲ့ အလွန်အကျွံ အောင်ပွဲခံသလို ဖြစ်မသွားခဲ့သင့်ကြောင်း၊ လီဗာပူး အသင်းသားတွေဟာ လူအများ စံနမူနာ ပြုရမယ့်သူတွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြုမူသင့်တာ နားလည်ကြောင်း၊ ဘာပဲဖြစ်ဖြစ် သူဟာ ထိုက်တန်တဲ့ အဝါကတ် ပြသ အပြစ်ပေးမှုကို ခံခဲ့ရပြီး ဖြစ်တဲ့အတွက် ဒီကိစ္စကို မေ့ထားလိုက်ကြောင်း ကလော့ပ်က ဆိုပါတယ်။

သူက တော့တင်ဟမ်အတွက် တတိယ ချေပဂိုး ရသွားစေတဲ့ ပြစ်ဒဏ်ဘောကို ခွင့်ပြုခဲ့တဲ့ ကွင်းလယ်ဒိုင် တီယာနေးကိုလည်း ဝေဖန်သွားခဲ့ပါသေးတယ်။ လီဗာပူးနဲ့ တီယာနေးကြားမှာ ဒီလို ပြဿနာတွေ ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းမျိုး ရှိနေကြောင်း၊ တီယာနေးဟာ လီဗာပူးကို ဆန့်ကျင်ချင်တဲ့ အကြောင်းတရား တခုခု ရှိနေမလား မဆိုနိုင်ကြောင်း၊ သူက လီဗာပူးနဲ့ ဘာပြဿနာမှ မရှိဘူးလို့ ပြောထားပေမယ့် ဒီစကားက အမှန် မဟုတ်လောက်ကြောင်း ကလော့ပ်က ပြောကြားသွားပါတယ်။

နောက်ပြီး တီယာနေးက သူ့ကို ကြည့်တဲ့ အကြည့်ကို နားလည်ရ ခက်ကြောင်း၊ အဲဒီ ခံစားချက်ကို အင်္ဂလိပ် စကားနဲ့ လည်လည်ဝယ်ဝယ် ရှင်းပြလို့ မရဘဲ ရှုပ်ထွေးပြီး မာယာများလွန်းကြောင်းလည်း ကလော့ပ်က ဆက်ပြီး ဝေဖန်သွားခဲ့ပါတယ်။

 

Ref: BBC