ရက်သုံးဆယ်အတွင်း ပူးပေါင်းမှုမရှိလို့ ထိုင်းနိုင်ငံပိုင် PTTEP ကို NUG က တရားစွဲဖို့ လုပ်ဆောင်နေ

ဧပြီ၊ ၃၀

အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းနိုင်ငံပိုင် PTTEP ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ရက်ပေါင်းသုံးဆယ်အတွင်း ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် ဥပဒေအကြံပေးတွေနဲ့ တရားစွဲဖို့ ဆက်လုပ်နေတယ်လို့ NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက သိရပါတယ်။

    ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီအနေနဲ့ ရတနာကမ်းလွန်စီမံကိန်းရဲ့ သတင်းအချက်အလက်တွေ၊ ငွေပေးချေမှုကိစ္စတွေကို NUG အစိုးရထံကို ပေးပို့ဖို့နဲ့ ရက်ပေါင်း (၃၀)အတွင်း ပူးပေါင်းဆောင်ရွက်မှု မလုပ်ပါက စက်ကာပူနိုင်ငံ အနုညာတတရားရုံးမှာ တရားစွဲမယ်လို့ မတ်လ ၊၂၀ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    “ကျွန်တော်တို့အနေနဲ့ ပေးစာမှာ အတိအလင်းဖော်ပြထားတဲ့အတိုင်း သက်ဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိစ္စရပ်များကို ဥပဒေအကြံပေး၏ အကြံပေးချက်များနှင့် ဆက်လက်ဆောင်ရွက်နေတာရှိပါတယ်”လို့ NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနရုံးက DNA ကို ပြောပါတယ်။  

    ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီကို တရားစွဲပါက တရားရုံး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ငါးသိန်းခန့် ကျန်ကျမယ်လို့ မျှော်မှန်းထားပြီး နိုင်ငံတကာမှ အလှူရှင်အဖွဲ့အစည်း (၂)ခုက ကူညီဖို့ အစီအစဉ်ရှိပေမဲ့ အလှူငွေ မရရင် NUG အစိုးရရဲ့ ဘဏ္ဍာရေးထဲက သုံးစွဲသွားမယ်လို့ NUG စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

    ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်း (MOGE)ရဲ့ လုပ်ပိုင်ခွင့်တွေကို NUG လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ထံကို လွှဲပြောင်းထားတဲ့အတွက် PTTEP ကုမ္ပဏီအနေနဲ့ ဦးမော်ထွန်းအောင်နဲ့သာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ မတ်လ ၂၀ ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရဲ့ တောင်းဆိုချက်တွေထဲမှာ စစ်ကောင်စီထံ ပေးနေတဲ့ အခွန်အကောက်တွေ၊ လစဉ်အစီရင်ခံစာတွေ၊ အာဏာသိမ်းပြီးနောက် လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ် ဖြေရှင်းချက် တောင်ခံမှုတွေအပြင် ရတနာစီမံကိန်းရဲ့ လာမဲ့ ငွေပေးချေမှုအားလုံးကို NUG အစိုးရက သဘောတူလက်ခံတဲ့ ငွေစာရင်းနဲ့သာ ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။

“PTTEP အနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေကိုသတ်ဖြတ်နေတဲ့ စစ်ကောင်စီဘက်ကို ငွေကြေးလွှဲပြောင်းမှုတွေ အမြန်ဆုံးရပ်တန့်ပြီး ဥပဒေအကြောင်းအရသာမက လူသားချင်းစာနာမှုအနေနဲ့ပါ NUG နဲ့ ပူးပေါင်းဆောင်ရွက်သွားစေဖို့မျှော်လင့်ပါတယ်”လို့ NUG စီမံဘဏ္ဍာဝန်ကြီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီရဲ့လက်အောက်ခံ MOGE နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို မြန်မာနဲ့ ထိုင်းလူမျိုးတွေ သပိတ်မှောက်ဆန့်ကျင်ကြဖို့ နည်းလမ်းပေါင်းစုံနဲ့ မကြာမီဆာင်ရွက်သွားမယ်လို့ သိရပါတယ်။

စစ်တပ်ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်းကနေ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ဇန်နဝါရီလအထိ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂၅ ဘီလီယံ ရရှိခဲ့ပြီး ထိုင်းအစိုးရပိုင် PTTEP ရေနံကုမ္ပဏီက ရေတနာကမ်းလွန်စီမံကိန်း တစ်ခုတည်းကနေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ ပေးခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့  ထောက်ပြပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ဟာ စစ်ကောင်စီကရနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရငွေတွေကို ဖြတ်တောက်ဖို့နဲ့ အဲဒီအတွက် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို မြန်မာနဲ့ ထိုင်းလူမျိုးတွေ သပိတ်မှောက်ဆန့်ကျင်ကြဖို့ နည်းလမ်းပေါင်းစုံ ဆောင်ရွက်ဖို့ လှုံ့ဆော်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံက TOTAL၊ အမေရိကန်နိုင်ငံက Chevron နဲ့ နော်ဝေနိုင်ငံက Norway’s Oil Fund ကုမ္ပဏီလုပ်ငန်းတွေဟာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်းတွေမှ ထွက်ခွာသွားကြပါတယ်။

ရတနာလုပ်ကွက်ကနေ ပြင်သစ်ရေနံလုပ်ငန်း Total နုတ်ထွက်သွားပြီးနောက် အဲဒီရှယ်ယာတွေကို ထိုင်းအစိုးရပိုင် PTTEP ဝယ်ယူခဲ့ပြီး PTTEP က စုစုပေါင်း ရှယ်ယာ ၃၇ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရပိုင် PTTEP ဟာ မုတ္တမပင်လယ်ကွေ့က အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကုန်ကျမဲ့ ကမ်းလွန်ရေနံလုပ်ကွက်စီမံကိန်းကို ရွေ့ဆိုင်းထားသလို လောင်စာဆီသယ်ယူပို့ဆောင် သိုလှောင်တဲ့ စီမံကိန်းကို ရပ်ဆိုင်းထားပါတယ်။