ဧပြီ၊ ၃၀
အမျိုးသားညီညွတ်ရေးအစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders ရဲ့ ဒုဥက္ကဌ မစ္စတာဘန်ကီမွန်းတို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ ဆက်ဆံရေးတရပ် တည်ဆောက်မယ်လို့ သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံခေါင်းဆောင်ဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်ရေးဆိုင်ရာပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဌ မစ္စတာဘန်ကီမွန်းဟာ ဧပြီလ ၂၄ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်၊ သမ္မတဟောင်း ဦးသိန်းစိန်တို့အပါအဝင် တွေ့ဆုံအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူနဲ့တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
ဧပြီလ ၂၇ ရက်က တွေ့ဆုံဆွေးနွေးတာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို ဆက်လက်ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့အရေး ပူးဆောင်ရွက်မှု ဆက်ဆံရေးတရပ်တည်ဆောက်မယ်လို့ နှစ်ဖက်သဘောတူညီခဲ့တယ်လို့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အဓိကထား ဆွေးနွေးခဲ့ကြသလို မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့်၊ ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးက ထုတ်ပြန်လာပါတယ်။
မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ ရည်ရွယ်ချက် ကောင်းမွန်ပေမယ့် စစ်ကောင်စီက အဲဒီခရီးစဉ်ကို သူတို့ရဲ့ကိုယ်ကျိုးအတွက် အသုံးချလာမှာကို စိုးရိမ်တယ်လို့ NUG ဒုဝန်ကြီးက ပြောဆိုခဲ့သလို မြန်မာနိုင်ငံကို ထပ်မံသွားရောက်မယ့် ခရီးစဉ်ရှိပါက NUG အစိုးရနဲ့ မြန်မာ့အရေးမှာအရေးပါတဲ့ သက်ဆိုင်သူတွေကို တိုင်ပင်ဆွေးနွေမှုလုပ်ဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
“ ဘန်ကီမွန်းပြောတဲ့အထဲမှာက ထူးထူးဆန်းဆန်းဆိုလို့ အရင်နိုင်ငံတကာအသိုင်းအဝိုင်းက ပြောခဲ့တာထက်ပေါ့လေ အပြောင်းအလဲကို ဖြစ်ဖို့အတွက် နစက က စတင်ခြေလှမ်းရမယ်ဆိုတဲ့ ဟာပေါ့နော်။ ပြန်သွားတဲ့အခါကျတော့ NUG က သူတို့ကိုမတိုင်ပင်လို့ဆိုပြီး ကြေညာချက်ထုတ်တယ်။ အခုက သူတို့နဲ့ တွေ့ခွင့်ရတယ်။ တွေ့တဲ့အခါကျတော့ သူတို့က ဘန်ကီမွန်း မြန်မာ့အရေးမှာ ဒီလိုဆောင်ရွက်တာကို ကြိုဆိုတယ်ဆိုတော့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့မှာ တဖက်ထဲကနေ ဆောင်ရွက်နေတာထက် နှစ်ဖက်ကြားထဲကနေ ညှိနှိုင်းဆောင်ရွက်တာကို မျှော်လင့်လို့ အဲလိုမျိုးယူဆပါတယ်။ အခုအဲလို ဆွေးနွေးတဲ့အခါကျတော့ ကြားထဲကနေ စေ့စပ်ညှိနှိုင်းပေးမယ်ဆိုရင် နစကဘက်ကရော လက်ခံမှာလား၊ လက်မခံဘူးဆိုရင်တော့ ဘန်ကီမွန်းတို့အဖွဲ့အနေနဲ့ ပြည်တွင်းကို နောက်ထပ်ဝင်ရောက်ခွင့်ရဖို့ မလွယ်ဘူး ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
မစ္စတာဘန်ကီမွန်းက “ ရေရှည်တည်တံ့သော အဖြေတခုကိုရရှိရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အစုအဖွဲ့အားလုံးရဲ့အခန်းကဏ္ဏမှာ အရေးပါကြောင်း ” ထောက်ပြပြောဆိုတဲ့အပေါ် ကျေးဇူးတင်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပခွင့် မရှိသလို ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးနဲ့ တိုင်းရင်းသားအဖွဲ့အားလုံးက လက်ခံနိုင်မယ့် အသစ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ကျင်းပပြုလုပ်ရမယ်လို့ အဲဒီဆွေးနွေးပွဲမှာ ထောက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်နဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉)ကို လိုက်နာဖို့ ပျက်ကွက်တဲ့ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်း ဖိအားပေးဖို့နဲ့ အရေးယူပိတ်ဆိုမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဧပြီလ ၂၃ရက် နေပြည်တော်မှာ မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ အဖွဲ့ဟာ မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုခေါင်းဆောင်တွေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ “ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ” ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြထားပါတယ်။
ဒါပေမယ့် မစ္စတာဘန်ကီမွန်းဟာ နေပြည်တော်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့တောင်းဆိုမယ်လို့ အများကယူဆခဲ့ကြပေမယ့် တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ပါဘူး။
ဘန်ကီမွန်းဟာ သူ့ရဲ့ တညအိပ် နှစ်ရက်တာ နေပြည်တော်ခရီစဉ်အပြီးမှာ အကြမ်းဖက်မှုတွေအားလုံးရပ်တန့်ဖို့၊ ရွေးကောက်ပွဲကို အခုအခြေအနေမှာ မကျင်းပဖို့အပါအဝင် အချက်အချို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ခဲ့သလို အပြောင်းအလဲတွေအတွက် စစ်ကောင်စီက စတင်ဖို့လည်း တိုက်တွန်းခဲ့ပါသေးပါတယ်။
မစ္စတာဘန်ကီမွန်းနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ ၂၅ ရက်က ကျင်းပတဲ့ အစိုးရအစည်းအဝေးမှာ လူမိုက်ကို ပွဲထုတ်နေတာလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာရှိ ပါတယ်။
ဓာတ်ပုံ – MOI and NUG