ဧပြီ၊ ၂၉
ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှားတောမြို့နယ်အစပ်က စစ်ရှောင်တွေ ခိုလှုံနေတဲ့ စူးဖဲလော်၊ နော်ပလု၊ တာဝ ကျေးရွာတွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲ့ဒီရွာတွေ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး စူးဖဲလော်ကျေးရွာက နေအိမ် (၇၄) လုံး၊ နော်ပလုကျေးရွာက နေအိမ် (၂၄)လုံးနဲ့ တာဝကျေးရွာက ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားတယ်လို့ ကရင်နီပြည်ထဲရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
“ အခုကတော့ ရွာသားတွေကတော့ ရွာထဲမှာပဲ နေတယ်ပေါ့၊ အဲဒီဘက်မှာ စစ်ရှောင်တွေလည်း လာခိုလှုံတဲ့ နေရာဖြစ်တယ်၊ လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်တွေ အဲဒီရွာတွေဘက်မှာ ခိုလှုံကြတယ်၊ အခုလည်း လေပြင်းတိုက်တော့ အိုးအိမ်ပျက်စီးတော့ ထပ်ပူရတာပေါ့ ” လို့ သူက ပြောပါတယ်။
အဲဒီရွာသုံးရွာရဲ့ အနောက်ဘက်ခြမ်းနဲ့ အရှေဘက်မှာ တောင်တန်းရှိပြီး လေက တောင်ဘက်ကနေ လေဆင်နှာမောင်းပုံစံမျိုး တိုက်ခတ်သွားတဲ့အတွက် အိမ်တွေ ပျက်စီးမှု ပိုများသွားတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာဖြစ်ခဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ရှောင် (၈၀၀၀) ကျော်ထဲက တချို့ဟာ အဲဒီရွာတွေမှာ နေထိုင်ခိုလှုံကြသလို တချို့က ရွာအနီးအနားက တောတောင်တွေမှာ စစ်ရှောင်နေကြပြီး စစ်ရှောင်ဦးရေ စာရင်းအတိအကျကိုတော့ မသိရသေးပါဘူး။
စစ်ရှောင်တွေဟာ မူလကတည်းက လိုအပ်ချက်တွေရှိနေတာဖြစ်လို့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့နောက် ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်ရေးအခက်အခဲတွေ ပိုတိုးလာတယ်လို့ ဆိုပါတယ်။
“ အများကြီးလိုအပ်နေတယ်၊ မိုးကလည်း ကျတော့မယ်၊ အမိုးအကာတွေ။ ဘုတ်ချောင်းအနောက်ဘက်က စစ်ရှောင်တွေဆိုရင် ခဏခဏခံရတယ်၊ တိုက်ပွဲဖြစ်တာမျိုး၊ လက်နက်ကြီးနဲ့ပစ်တာနဲ့ လေယာဉ်နဲ့ လာထုတာမျိုးဆိုတော့၊ တနှစ် နှစ်နှစ်လောက်ရှိပြီ စပါးတွေ စိုက်ပျိုး မရတော့ဘူး၊ ရွာမပြန်ရဲဘူး၊ လူမှုအကူအညီပဲ မျှော်ကိုးရတယ်၊ နေရာထိုင်ခင်း အခက်အခဲရှိတယ်၊ ဆေးဝါးတွေလည်း ခက်ခဲနေပါတယ်၊ အရေးကြီးဆုံးက အစားအစာအခက်အခဲပဲ ” လို့ ကရင်နီပြည်ထဲရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် စူးဖဲလော်ကျေးရွာက အိမ်ခြေ တရာနီးပါး၊ နော်ပလုရွာက အိမ်ခြေ ၃၀ ကျော်နဲ့ တာဝရွာက အိမ်ခြေ ၄၀ ကျော်အသီးသီးရှိပြီး နော်ပလုနဲ့ တာဝကျေးရွာတွေဟာ ကရင်နီပြည်နယ်ထဲက လူနည်းစုတွေ နေထိုင်ကြတဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – KnIC