PNO ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်တွေဆီက မိုင်းရှင်းခဆိုကာ ငွေကြေးကောက်ခံနေ

ဧပြီ၊​ ၂၉
 
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေရသူတွေ ရပ်ရွာကို ပြန်နိုင်ရေး မိုင်းရှင်းခလို့ဆိုပြီး ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ပင်းလောင်မြို့ထဲကပဲ မိုင်းရှင်းလင်းခဆိုပြီးတော့ တအိမ်ကို သုံးသောင်းကျပ်ကောက်ခံတယ်ပေါ့နော်၊ ပင်းလောင်းမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်းမဲသင်း၊ လုံးပျဉ်၊ နမ်းနိန်း၊ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွေမှာတော့ စစ်ရှောင်တွေကို ကောက်တာပေါ့နော်၊ တအိမ်ကို ငါးထောင်ကျပ်ဆိုပြီးတော့ မိုင်းရှင်းခ ကောက်တယ် ” လို့ ပင်လောင်းမြို့ ဒေသခံတဦးက ပြောပါတယ်။
 
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထဲက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ တောင်မဲသင်း၊ လုံးပျဉ်၊ တောင်စလုံး၊ မြောက်စလုံး၊ နမ်းနိန်းစတဲ့ ကျေးရွာတွေက စစ်ရှောင်တွေကို စခန်းတာဝန်ခံတွေက မိုင်းရှင်းခလို့ဆိုကာ တအိမ်ထောင် ငါးထောင်ကျပ် ကောက်ခံသလို တချို့စခန်းတွေမှာတော့ စေတနာရှိသလောက်ထည့်ဖို့ ကောက်ခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပင်လောင်းမြို့နယ်ထဲက တချို့ရွာတွေနဲ့ တိုက်ပွဲဖြစ်တာမရှိတဲ့ ရွာတွေမှာတော့ မိုင်းရှင်းခအဖြစ် တအိမ်ကို သုံးသောင်းကျပ် ကောက်ခံတယ်လို့လည်း ဒေသခံတွေက ပြောကြပြီး အဲ့ဒီလို ငွေကြေးကောက်ခံတဲ့ ရွာအတိအကျတွေကိုတော့ စုံစမ်းဆဲလို့ ဒေသခံတွေက ပြောပါတယ်။
 
“ ကျွန်မတို့ စစ်ရှောင်ကော်မတီက ဘယ်လောက်လို့ မပြောဘူး၊ စေတနာ ရှိသလောက်လို့ပဲ ပြောပါတယ်၊ တချို့ စစ်ရှောင်စခန်းတွေမှာတော့ ပြောသံတော့ ကြားတယ်၊ အနည်းဆုံး ၅၀၀၀ အထက်လို့ ကောက်တယ်ပြောတယ်၊ အဲဒါက စစ်ရှောင်စခန်းတာဝန်ခံတွေက ဘယ်လောက်ဆိုပြီး သတ်မှတ်လိုက်တာဖြစ်မယ်၊ နောင်တရားဘက် စစ်ခန်းတွေကတော့ သူတို့မှာ အနည်းဆုံး ငါးထောင် ကောက်တယ်လို့ ကြားတယ် ” လို့ တောင်မဲသင်းဒေသခံ စစ် ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
 
ပင်းလောင်းမြို့နယ်ထဲက စစ်ဘေးမရှောင်ရတဲ့ ကျေးရွားတွေ အားလုံးကို ကောက်၊ မကောက် မသိရပေမယ့် စစ်ရှောင်ရတဲ့ ကျေးရွာအားလုံးက စစ်ဘေးရှောင်တွေကို PNO/PNA ပြည်သူ့စစ်က တစ်အိမ်ထောင် ၅၀၀၀ ကျပ်ဝန်းကျင် မိုင်းရှင်းခအဖြစ်ကောက်တာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ PNO/PNA ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့ဟာ မတ်လ ၅ ရက်က ပင်လောင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ကျည်ဆန်ဖိုးအတွက် တအိမ်ထောင် ၇ သောင်းခွဲနဲ့အထက် ကောက်ခံခဲ့ပြီး မတ်လ ၂၅ ရက်မှာလည်း ရိက္ခာအတွက် တအိမ်ထောင် ငါးသောင်းကျပ် ထပ်မံကောက်ခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် PNO/PNA တပ်သားတွေ အဆင်ပြေပြေသွားလာနိုင်ရေး ကားဝယ်ဖို့လို့ဆိုကာ တအိမ်ကို နှစ်ထောင်ကျပ်နဲ့ ရေဖိုး၊ မီးဖိုးအတွက် တအိမ်ကို ငါးရာကျပ် ထပ်မံကောက်ခံခဲ့ပြီး ရွာသူကြီးကိုယ်တိုင် ကောက်ခံကာ သတ်မှတ်ကာလအတွင်း ပေးရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ပင်လောင်းမြို့နယ်ထဲက ကျေးရွာတွေ လုံခြုံရေးအတွက် ဂိတ်ဆောက်ခိုင်းပြီး ၂၄ နာရီ အချိန်ပြည့် အလှည့်ကျနဲ့ အစောင့်ချခိုင်းထားသလို မစောင့်ပါက ဒဏ်ငွေ ကျပ်နှစ်သောင်းပေးဆောင်ရမယ်လို့ PNO/PNA က ထုတ်ပြန်ထားပါတယ်။
 
ပင်လောင်းဒေသမှာ PNO/PNA က ခေါင်းစဉ်အမျိုးမျိုးနဲ့ လစဉ် မကြာခဏငွေကြေးကောက်ခံနေတဲ့အတွက် ဒေသခံတွေဟာ အခက်အခဲ‌တွေ ကြုံနေရတယ်လို့ပြောကြပါတယ်။
 
ရှမ်းကယားနယ်စပ်၊ ပင်လောင်းမှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO/PNA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင် ၆၀၀၀ ကျော်ဟာ ပုံစံအမျိုးမျိုးနဲ့ စစ်ဘေးရှောင်နေရပြီး ရေရှားပါးမှုနဲ့ စားဝတ်နေရေးအခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – PNO