ဧပြီ၊ ၂၉
ဝါရင့်လူရွှင်တော်ကြီးတဦးဖြစ်သလို ရုပ်ရှင်နဲ့ဗွီဒီယို ဟာသသရုပ်ဆောင်တဦးလည်းဖြစ်တဲ့ ဦးဝင်းနိုင် (အနုပညာ) ဟာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
ဦးဝင်းနိုင် (အနုပညာ)ဟာ အနုပညာသမားတွေ ဦးစီးတည်ထောင်ထားတဲ့ မင်္ဂလာဒုံမြို့နယ်က အနုပညာဆည်းဆာ ရိပ်သာမှာ နေထိုင်နေရင်း ဒီကနေ့ မနက် ခြောက်နာရီမှာ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်အကြာ ၂၀၁၈ ခုနှစ်က ဒုတိယအကြိမ် လေဖြန်းရောဂါခံစားခဲ့ရပြီးနောက် အနုပညာအလုပ်တွေ ရပ်နားကာ ဆေးကုသမှုခံယူရတဲ့ ဦးဝင်းနိုင်ဟာ မိသားစုနဲ့အတူနေရာကနေ နောက်ပိုင်းမှာ ဘိုးဘာရိပ်သာကို ရွှေ့ပြောင်းနေထိုင်ခဲ့တာပါ။
အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ဦးဝင်းနိုင်ဟာ ကွယ်လွန်ချိန်အထိ သုံးနှစ်ကျော် နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
လေဖြန်းဝေဒနာ စတင်ခံစားရချိန်က “ စိတ်မလျှော့ဘဲ အနုပညာအလုပ်တွေပြန်လုပ်မယ် ” လို့ ဦးဝင်းနိုင်က အင်တာဗျူးတခုမှာ ပြောခဲ့ပါသေးတယ်။
ဦးဝင်းနိုင်ဟာ ဇာတ်သဘင်လောက လူရွှင်တော်တဦးအဖြစ် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားများစွာကိုလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် စာအုပ်တချို့ကိုလည်း ရေးသားထုတ်ဝေခဲ့ဖူးပါသေးတယ်။
ဒီကနေ့ ကွယ်လွန်ချိန်မှာ အသက် (၇၄)အရွယ်ရှိပြီလို့ သိရပါတယ်။
ဓာတ်ပုံ – Aung Phyo Linn/ Facebook