ကန့်ဘလူမှာဒေသခံဆယ်ဦးထက်မနည်းကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီး၊ ဒေသခံ တသောင်းကျော်ထွက်ပြေးနေရ

ဧပြီ၊ ၂၉
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုုက်နယ်၊ စကျင်ကျေးရွာက အရပ်သား ဆယ်ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက ဧပြီလ ၂၇ ရက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” မြေပြင်သတင်းပေးပို့ချက်အရ ဒေသခံ ဆယ်ဦးထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ လူလတ်ပိုင်းအရွယ် အဲဒီအရပ်သားဆယ်ဦးထက်မနည်းကို စစ်ကြောင်းထိုးတဲ့နေရာတွေကို ခေါ်ဆောင်သွားတာဖြစ်တဲ့အတွက် သူတို့ရဲ့ အခြေအနေကို အသေအချာမသိရသေးပါဘူး။
 
စစ်ကောင်စီဟာ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့သူတွေကို သတ်ဖြတ်တဲ့ဖြစ်စဉ်တွေရှိသလို ဒီနှစ်မတ်လဆန်းက စစ်ကိုင်းမြို့၊ တာတိုင်ရွာက အရပ်သား ၁၅ ဦးအနည်းကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်ပြီး ပစ်သတ်ခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။
 
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဧပြီလ ၁၉ ရက်ကနေ စတင်စစ်ကြောင်းထိုးနေတာကြောင့် ပဇီကြီး၊ လေးတွင်းစဉ်၊ ထန်းတော၊ စကျင်၊ မယ်ဇတော၊ ချောင်းရှည်၊ ချောင်းသာ၊ မေတ္တာမွန်၊ မြေမွန်၊ တရော်ကိုင်း၊ ရေရှင်၊ ဘူးကုန်းနဲ့ ရွှေပြည်လင်း စတဲ့ကျေးရွာ ၁၃ ရွာက အရပ်သားတသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်က လူပေါင်း ၁၆၈ ဦးသေဆုံးပြီး ဒဏ်ရာများစွာရရှိခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကောင်စီဟာ ပဇီကြီးရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေကို ခြေမြန်တပ်ရင်း ၃၆၁ နဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်တွေနဲ့ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး တိုက်ခိုက်နေတာပါ။
 
စစ်ကောင်စီစစ်ကြောင်းတွေဟာ ဧပြီလ၂၀ ရက်ကစလို့ ကန့်ဘလူခရိုင်၊ ပဇီကြီးရွာနဲ့ အနီးအနားကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာတွေက နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ထုတ်ပြန်ထားပါတယ်။
 
ဧပြီလ ၂၅ ရက်က ချောင်းသာရွာကို မီးရှို့ပြီး နေအိမ် ၂၆ လုံး၊ ဧပြီလ ၂၆ ရက်မှာ မြေမွန်ရွာက နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ပြီး မြေမွန်ရွာကတော့ ဖေဖော်ဝါရီလက တကြိမ် မီးရှို့ခံရစဉ်က နေအိမ် ၂၁၈ လုံး ဆုံးရှုံးထားပါသေးတယ်။
 
ဒါ့အပြင် ဧပြီလ ၂၈ ရက်ကလည်း ထရော်ကိုင်းရွာကို စစ်ကောင်စတပ်ဖွဲ့က မီးရှို့ဖျက်စီးခဲ့ပေမယ့် နေအိမ်ဘယ်လောက် လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
 
” အိမ်ခြေဘယ်လောက်ပါသွားတာဆိုတာလည်း ဘယ်သူမှအတည်မပြုနိုင်သေးဘူးဗျ။ ဝင်စရာ အိမ်ရှိသေးတယ်ဆိုရင်တောင်မှ ဘယ်သူမှ မနေရဲကြတော့ဘူးဗျာ။ ပဇီကြီးရော တခြား ရွာတွေအကုန် ၁၉ ရက်နေ့ကနေ ဒီနေ့အထိ ရှောင်နေရဆဲပဲ ” လို့ ကန့်ဘလူဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်က ပဇီကြီးရွာနဲ့တမိုင်ခန့်အကွာက လေးတွင်းစဉ်ရွာအနီး တိုက်ပွဲဖြစ်လို့ စစ်ကောင်စီ ၂၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်က တဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားသလို တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
 
” အခုချိန်အထိ ပဇီကြီးအပါအဝင် အနီးပတ်ချာလည်ရွာတွေ အကုန်ကို စစ်ကြောင်း ၂ ကြောင်းခွဲ ထိုးပီး မီးရှို့ယုတ်မာနေဆဲပဲဗျ။ ကန့်ဘလူနယ် ဒီရွာတွေမှ စစ်ရှောင်ပြည်သူတွေပေါ့နော်။ ကိုယ့်ပြည်သူတွေ ဒီနေ့အချိန်အထိ ဒုက္ခရောက်နေကြရတယ်။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက်ပေါင်းများစွာ ဆုံးရှုံးခံထားကြရတဲ့ နယ်ခံပြည်သူတွေလည်း အခုချိန်အထိ တောတောင်တွေထဲမှာ ဝမ်းနည်းပူဆွေးနေကြရတုန်းပဲ တိမ်းရှောင်နေရဆဲပဲ ” လို့ ကန့်ဘလူခရိုင်ထဲက စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။။
 
သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP -Myanmar ကတော့ စစ်အာဏာသိမ်းချိန်ကနေ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်အထိ ပြည်တွင်းစစ်ရှောင် ၂,၆၉၄,၅၆၇ ဦးရှိပြီး စစ်ကိုင်းတိုင်းက ၁,၃၇၄,၀၈၃ ဦးနဲ့ အများဆုံးဖြစ်ကာ စစ်ရှောင်စုစုပေါင်းရဲ့ ထက်ဝက်ကျော်တယ်လို့ ဧပြီလ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ တနိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေပေါင်း ခြောက်သောင်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက လေးသောင်းရှစ်ထောင်နီးပါးနဲ့ အများဆုံးဖြစ်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – ဧပြီလ ၂၂ ရက်နေ့နဲ့ ၂၅ ရက်နေ့တို့မှာ ကန့်ဘလူနယ် လေးတွင်းစဥ်ရွာနဲ့ ချောင်းသာရွာတို့မှ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေကို တွေ့ရစဥ်။