ဧပြီ၊ ၂၉
အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်လို့ လူ ၁၁ ဦး သေဆုံးပြီး ပျောက်ဆုံးနေသူ ၉ ဦးကိုလည်း ကယ်ဆယ်ရေးတွေက ဖြန့်ကျက် ရှာဖွေနေရပါတယ်။
အဲဒီရေယာဉ်ဟာ ဧပြီ ၂၇ ရက် ညပိုင်းက အင်ဒိုနီးရှားရဲ့ ဆူမားတြားကျွန်း အရှေ့ဖက် ကမ်းလွန်ရေပြင်မှာ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ Evelyn Calista 01 ရေယာဉ်ဟာ ခရီးသည် ၇၂ ဦးနဲ့ အမှုထမ်း ၆ ဦးကို တင်ဆောင်ပြီး စင်ကာပူနဲ့ နယ်စပ်နားက တန်ဂျွန်ပီနန် ဧရိယာမှာရှိတဲ့ ကျွန်းငယ်တခုဆီ ဦးတည် ခုတ်မောင်းနေရင်း တိမ်းမှောက်သွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေယာဉ် နစ်မြုပ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ရေထဲမျောပါနေတဲ့ သစ်လုံးကြီး တခုကို ဝင်တိုက်မိခဲ့တာ ဖြစ်နိုင်ကြောင်း အသက်ရှင် လွတ်မြောက်လာသူ တချို့က ပြောပါတယ်။ ရေယာဉ်ပေါ် လိုက်ပါသွားသူတွေထဲက ၅၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေး အများစု ပါဝင်တဲ့ အလောင်း ၁၁ လောင်းကို ဆယ်ယူ ရရှိထားပါတယ်။ ၉ ဦးကတော့ ပျောက်ဆုံးနေဆဲပါ။
ကူးတို့ရေယာဉ် တိမ်းမှောက်ရာ ရေပြင်တဝိုက်မှာ ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်တွေက ပျောက်ဆုံးသူတွေကို လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ကျွန်းစုပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားမှာ ရေလမ်းခရီး သွားလာမှုကို အထူးတလည် အားကိုးနေရပေမယ့် ရေကြောင်း မတော်တဆ ဖြစ်ရပ်တွေနဲ့လည်း မကြာခဏ ကြုံရလေ့ ရှိပါတယ်။ ၂၀၁၈ တုန်းကဆိုရင် မတန်တဆ လူတွေ အပိုတင်ထားတဲ့ လှေတစီးဟာ ဆူမားတြား မြောက်ပိုင်းက မီးတောင်ဟောင်း ရေအိုင်ကြီးထဲမှာ နစ်မြုပ်သွားပြီး လူ ၁၆၇ ဦး သေဆုံးခဲ့ဖူးပါတယ်။
နိုင်ငံသမိုင်းမှာ အဆိုးဆုံး ရေကြောင်းပို့ဆောင်ရေး မတော်တဆမှုကတော့ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၃၂ ဦးထိ ပြွတ်သိပ် တင်ဆောင်ထားတဲ့ ရေယာဉ်တစီး နစ်မြုပ်ခဲ့တာဖြစ်ပြီး အသက်ရှင် လွတ်မြောက်သူ ၂၀ သာ ရှိခဲ့ပါတယ်။
Ref: ABC