ယာဉ်မောင်း သတိလစ်သွားချိန် ကျောင်းကားကို ရပ်တန့်အောင် ထိန်းချုပ်ပေးခဲ့တဲ့ ကျောင်းသားလေး

ဧပြီ၊ ၂၉

ကျောင်းကားကြီးရဲ့ ယာဉ်မောင်း ရုတ်တရက် သတိလစ် မေ့မျောသွားတဲ့အချိန် ကျောင်းသားလေး တဦးက ဘတ်စ်ကားကို ရပ်တန့်အောင် ကြားဖြတ် ထိန်းချုပ် မောင်းနှင်နိုင်ခဲ့တာကြောင့် ကျောင်းသား ၆၀ ကျော်ဟာ ဆိုးရွားတဲ့ အန္တရာယ် တခုခုကနေ လွတ်မြောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ မစ်ချီဂန် ပြည်နယ်မှာ အခုသီတင်းပတ်အတွင်း ခါတာ အလယ်တန်းကျောင်းရဲ့ ကျောင်းကားကြီး မောင်းနှင်လာချိန် ယာဉ်မောင်းက ရုတ်တရက် သတိလစ်သွားတာပါ။ အသက် ၁၃ နှစ်အရွယ် ဒီလီရန် ရိဗ်စ်ဟာ ရုတ်ရုတ်သဲသဲ အခြေအနေမှာ လုံးဝ တွေဝေမနေဘဲ ယာဉ်မောင်း နေရာဆီ ရောက်အောင်သွားပြီး ဘတ်စ်ကားကို ရပ်တန့်သွားအောင် ကြိုးစား ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

 သေရေးရှင်ရေး အခြေအနေမှာ ရိဗ်စ်က ယာဉ်မောင်းနား ရောက်သွားပုံကို ဘတ်စ်ကားထဲက လုံခြုံရေး ကင်မရာမှာ မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။ ယာဉ်မောင်း အမျိုးသမီးက သူရုတ်တရက် နေမကောင်း ဖြစ်လာကြောင်း တာဝန်ရှိသူတွေဆီ စကားပြောစက်ကနေ လှမ်းအကြောင်းကြားပြီး သတိလစ်သွားခဲ့တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

အခုအခါ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေက ရိဗ်စ်ကို သူရဲကောင်းလေး တဦးအဖြစ် ဝိုင်းဝန်း ချီးကျူး ထောမနာ ပြုနေကြပါတယ်။ အခင်းဖြစ်ချိန်က ရိဗ်စ်လိုက်ပါသွားတဲ့ ဘတ်စ်ကားပေါ်မှာ ကျောင်းသူကျောင်းသား ၆၆ ဦးထိ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၂၆ ရက်က ယာဉ်မောင်းဟာ ကျောင်းကအပြန် မူးဝေပြီး သတိလစ်သွားခဲ့တာ ဖြစ်တယ်လို့ ကျောင်းအုပ် ရောဘတ် လစ်ဗာနွိုက်စ်က ပြောပါတယ်။ သတိလစ်နေတဲ့ ယာဉ်မောင်းဘေးကနေ ဘတ်စ်ကားကို ကြိုးစား ရပ်တန့်ပြီးတာနဲ့ ရိဗ်စ်ဟာ အရေးပေါ် ဖုန်းနံပါတ် 911 ဆီ လှမ်းဆက်သွယ်ဖို့ တခြား ကျောင်းသူ ကျောင်းသားတွေကို အော်ပြောခဲ့ပါတယ်။

ယာဉ်မောင်းက ကားမောင်းနေရင်း ဘာဖြစ်သွားခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ သူဟာ အရင်က အလုပ်ချိန်မှာ အခုလို ကျန်းမာရေး ပြဿနာ တခုခု ကြုံဖူးတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ရဲတွေက ရိဗ်စ်ကို ကိုယ်တိုင် အိမ်ပြန်ပို့ပေးခဲ့ကြတဲ့အခါ သူ့အဖေက သားဖြစ်သူ တခုခုများ အမှားလုပ်လာသလားဆိုပြီး အကြီးအကျယ် လန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရဲတွေက သူ့သားဟာ သူရဲကောင်း တဦးဖြစ်တယ်လို့ ရိဗ်စ်ရဲ့ ဖခင်ကို ပြောပြခဲ့ကြကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြသွားပါတယ်။

 Ref: BBC