ဒေါက်တာသန်းထွန်းလို ပညာရှင်မျိုး ပေါ်ထွက်စေလို

ဧပြီ၊ ၂၈

“ငါတို့သိခဲ့ရတဲ့ သမိုင်းတွေအားလုံးက ဂျင်းတွေ”

ဆိုတဲ့ စကားကို ဒီနှစ်ပိုင်းတွေအတွင်း လူငယ်တွေဆီက ကြားရတာ မကြာခဏပါပဲ။

ဂျင်းဆိုတာ ခေတ်စကားနဲ့ အလိမ်အညာတွေလို့ ပြောချင်တာပါ။ လိမ်ညာဖုံးကွယ်မှုတွေကို သိရှိလာနိုင်တာကလည်း သတင်းအချက်အလက်ခေတ်ရဲ့ အကျိုးကျေးဇူးပဲ မဟုတ်လား။

၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ သမိုင်းအမှန်ကိုသိချင်တဲ့ လူငယ်တွေများလာတယ်။ တပြိုင်နက်တည်းမှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လူငယ်တွေဟာ သမိုင်းဆိုင်ရာ အငြင်းပွားမှုတွေနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။ ပြည်ထောင်စုဆိုတာ တကယ်ရှိရဲ့လား၊ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာက ဘယ်လိုသတ်မှတ်တာလဲ၊ ပြည်တွင်းစစ်ရှည်ကြာနေတာ ဘာကြောင့်လဲ၊ ဗြိတိသျှတွေရဲ့ သွေးခွဲအုပ်ချုပ်ရေးက ဒီနေ့အထိ သက်ရောက်တုန်းလား၊ ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ စတဲ့ မေးခွန်းတွေဟာ တသီတတန်းကြီး ထွက်ပေါ်လာပါတယ်။

တချို့ဆို တိုင်းပြည်မှာ လက်တလောဖြစ်နေတဲ့ နိုင်ငံရေးပြဿနာရဲ့ ဇာစ်မြစ်ကို မသိလို့ မျှော်လင့်ချက် အမှားတွေ ထားမိပြီး စိတ်ပျက်လက်ပျက် ဖြစ်လာကြပါတယ်။ ဒါဟာ လူတဦးချင်းစီရဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး။

ဒီတိုင်းပြည်မှာ သမိုင်းပညာရပ်ဟာ စိတ်ဝင်စားရာမရှိဘဲ ဖြစ်နေခဲ့တာ ဆယ်စုနှစ်များစွာ  ကြာနေပါပြီ။

ဒီလို စိတ်ဝင်စားစရာ မကောင်းဖြစ်နေရတဲ့ အကြောင်းအရင်းများစွာ ရှိနေပါတယ်။ သမိုင်းပညာရပ်ကို လက်တွေ့အသုံးချဖို့ အလုပ်အကိုင်  အခွင့်အလမ်းနည်းပါးတာနဲ့ ပျင်းရိငြီးငွေ့ဖွယ်ရာ သင်ကြားမှုစနစ် ဖြစ်နေတာက လူစိတ်ဝင်စားမှု အနည်းဆုံးဖြစ်စေတဲ့ အဓိကအချက်တွေဖြစ်ပါတယ်။

အကျိုးဆက်ကတော့ နိုင်ငံရေး အကြပ်အတည်းကြားမှာ သမိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ လွတ်လပ်ပြီး ပညာရှင်ပီပီ ပြောရဲဆိုရဲတဲ့ သမိုင်းပညာရှင် ရှာမရဖြစ်နေတာပါပဲ။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာဆိုရင်

၂၀၁၅ -၂၀၁၆ စာသင်နှစ်မှာ တက်ရောက်ဖို့ လျှောက်ထားတဲ့ ကျောင်းသားတောင် မရှိခဲ့ပါဘူး။ အဲဒီ သမိုင်းဌာနမှာ နိုင်ငံတကာပညာတတ်ရပ်ဝန်းက အသိအမှတ်ပြု လေးစားခြင်းကို ခံခဲ့ရတဲ့ ဒေါက်တာသန်းထွန်းလို ပညာရှင် ပေါ်ထွက်ခဲ့တာပါ။

ဒေါက်တာသန်းထွန်းရဲ့ အထင်ရှားဆုံး အဆိုအမိန့် တခုကတော့ “သမိုင်းဆိုတာ မအအောင် သင်ရတာ” ပါတဲ့။ ၁၉၂၃ မှာ မွေးဖွားခဲ့တဲ့ ဒေါက်တာသန်းထွန်းဟာ ခုချိန်ထိ သက်ရှိထင်ရှား ရှိဦးမယ်ဆိုရင်  ဒီနှစ်မှာ အသက်တရာ ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ လူငယ်ဘဝ ဖြတ်သန်းမှုနဲ့ ပညာရပ် လေ့လာလိုက်စားမှုဟာ လူငယ်တွေအတွက် အားကျ အတုယူစရာပါ။ ဒေါက်တာသန်းထွန်းဟာ သူ့ရဲ့လူငယ်ဘဝကို လွတ်လပ်ရေးကြိုးပမ်းမှုထဲမှာ ဖြတ်သန်းခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလက မွေးရပ်မြေ ငါးသိုင်းချောင်းမြို့နယ်ရဲ့ အာရှလူငယ် အစည်းအရုံးမှာ အတွင်းရေးမှူး လုပ်ခဲ့ပါတယ်။ ဒီနောက် ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလမှာ မြို့နယ်ဖဆပလ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

အထက်တန်း အောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ်အထူးပြုနဲ့ ပညာသင်ယူရင်း

ဗကသဥက္ကဋ္ဌ  ဖြစ်လာခဲ့ ပြန်ပါတယ်။ ကျောင်းသားဟစ်တိုင် စာစောင်မှာ အယ်ဒီတာတာအဖြစ် တာဝန်ယူခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် သမိုင်းနဲ့ စာပေဘက်ကို တစိုက်မက်မက် လေ့လာ လုပ်ကိုင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ လက်ထောက်ကထိက အဖြစ်နဲ့ တက္ကသိုလ်ဆရာဘဝ စတင်ခဲ့ပြီး နောက်ပိုင်းမှာ

သမိုင်းပါမောက္ခအဖြစ် မန္တလေးတက္ကသိုလ်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

တက္ကသိုလ်ရပ်ဝန်းမှာ နှစ်ပေါင်းများစွာ ဆရာတစ်ယောက်အဖြစ် သင်ကြားပို့ချ ပေးနေခဲ့ပေမဲ့

တက္ကသိုလ်ဆရာ လုပ်ချင်တာ မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ အဓိက လုပ်ချင်တာက သမိုင်းဆိုင်ရာ သုတေသန တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တက္ကသိုလ်ရဲ့ အသက်ဟာ သုတေသနဖြစ်တယ်” လို့ သူကပြောခဲ့ပါတယ်။

သူ့ရဲ့ တွေ့ရှိချက် အသစ်တွေကိုလည်း မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (Jouranl of the Burma Research Society – JBRS) လို သုတေသန ဂျာနယ်တွေမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတကာ တက္ကသိုလ်တွေ အထိ သူ့ ပညာရပ်နယ်ပယ်ကို ဖြန့်ကျက် ခဲ့ပါတယ်။ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်နဲ့ အိုဆာကာ တက္ကသိုလ်တို့ကို သုတေသနာပြုသူနဲ့ ဧည့်ပါမောက္ခအဖြစ် သွားရောက် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ထို့နောက် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်ကိုဧည့်ပါမောက္ခအဖြစ်ရောက်သွားခဲ့ပြီး ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။

မြန်မာ့သမိုင်းကို ခရစ် ၁၂ ရာစုနှစ်၊ ၁၃ ရာစုနှစ် ပုဂံခေတ်က စလို့ သုတေသနလုပ်ကာ စာတမ်းတွေနဲ့ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ထို့နောက် ပြန်လည်စုစည်းပြီး ‘အသစ်မြင်မြန်မာ့သမိုင်း’ ဆိုတဲ့ စာအုပ်ကို ပြုစုထုတ်ဝေ ခဲ့ပါတယ်။

မြန်မာလူမျိုးတွေ လက်ရှိ အခြေချနေထိုင်ရာ ဒေသကို ရောက်ရှိလာပုံ၊ ပျူတွေနဲ့ ရောနှောလာပုံ၊ မွန်လူမျိုးတွေရဲ့နယ်မြေ တဖြေးဖြေး လျော့ပါးလာပုံ၊ မြန်မာတွေရဲ့ အုပ်ချုပ်ရေးသမိုင်း စတာတွေကို အထောက်အထားနဲ့တကွပယ်သင့်ရာပယ်၊ ဖြည့်သင့်ရာဖြည့်ခဲ့ပါတယ်။ အနော်ရထာနဲ့ ပတ်သက်လို့ “လက်နက် နိုင်ငံတော်ခေတ်မှာ လက်ရုံးအားကိုးနဲ့ နယ်ချဲ့လိုစိတ် ပြင်းထန်လာပြီး အလိုလောဘ ပိုလာသူ ပထမဆုံးမင်းကြီးမှာ အနိရုဒ္ဓ (အနော်ရထာ) ပင်ဖြစ်သည်” လို့ စာအုပ်မှာ ရေးသားထားပါတယ်။

မွန်လူမျိုးတွေနဲ့ စစ်ခင်းရာမှာလည်း သာသနာရေး သက်သက်မဟုတ်ဘဲ “အမျိုးသားကြီးကျယ်မြင့်မြတ်ရေးကို ရှေးရှုလျက် တိုက်ခိုက်အံ့” လို့ သုံးသပ်ထားပါတယ်။

နန်းတော်နဲ့ ကျောင်းတော် ဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း မင်းက မတော်မတရားလုပ်ပါက သံဃာကသာသနာ အဆုံးအမနဲ့ အညီ ဝင်ရောက် ဟန့်တားသောကြောင့် အလယ်ခေတ် မြန်မာအုပ်ချုပ်ရေးဟာ စည်းစံနစ်ကျတာကို တွေ့ရကြောင်း ဒေါက်တာသန်းထွန်းက ဆိုပါတယ်။

ဒုတိအကြိမ် ထုတ်ဝေတဲ့အခါ နောက်ထပ် တွေ့ရှိချက် အသစ်တွေနဲ့ ပြင်ဆင်ဖြည့်စွက်ခဲ့ရာ “အနော်ရထာဟာ ဒုတိယ ပြည်ထောင်စုတည်တာ ဖြစ်ပြီး ပျူတွေက ပထမ ပြည်ထောင်စုတည်ခဲ့တာ” လို့ အမှာစာ ရေးပေးခဲ့ပါတယ်။

သူ့ စာအုပ်ဟာ တန်ဖိုးကြီးပြီး လူတိုင်း မဖတ်နိုင်တာနဲ့ ပတ်သက်လို့ အဝေဖန်ခံရတဲ့အခါ “ဒါလူထုလက်စွဲ မဟုတ်ဘူး” လို့ ရိုးရိုးရှင်းရှင်းသာ တုံ့ပြန်ခဲ့ပါတယ်။

စာအုပ်တွေ ရေးသား ထုတ်ဝေရခြင်းက သူ့ရဲ့သုတေသန တွေ့ရှိချက် အသစ်တွေကို ကြွားချင်တဲ့ သဘောမျိုးပါတယ် လို့လည်း  သူက ဝန်ခံပါတယ်။စာရေးဆရာလို့ မခံယူဘဲ စာရေးသား နေခဲ့ပေမဲ့ ဒေါက်တာသန်းထွန်းရဲ့ စာဖတ်အားကတော့ မသေးလှပါဘူး။‌

ဘယ်လောက် ကျယ်ဝန်းတဲ့ အိမ်မှာပဲ နေဖြစ်ပါစေ သူ့အိပ်ရာ ကုတင်အောက်ကို ခြေချလိုက်တာနဲ့ စာအုပ်တွေ နင်းမိနေတယ်လို့ သူက ပြောပါတယ်။ “အသိသစ်၊ အတွေးသစ်၊ အယူအဆသစ် မပါရင် စာအုပ်သစ်မရေးနဲ့” ဆိုပြီးတော့လည်း သူက မှာကြားခဲ့ပါတယ်။

အထက်တန်း  ကျောင်းသားဘဝမှာ ကတည်းကပင် မက်စ်ဝါဒ၊ နာဇီဝါဒ၊ ဖက်ဆစ်ဝါဒ တို့ကို လေ့လာခဲ့ပြီး နဂါးနီစာအုပ်တွေ  ဖတ်ခဲ့လို့ ထိုခေတ်က နိုင်ငံရေး အကြောင်းတွေကို သူသိခဲ့ရပြီး ဖြစ်ပါတယ်။

ဗြိတိသျှ သမိုင်းကိုလည်း နှံနှံစပ်စပ် လေ့လာထားလို့ လန်ဒန် ရောက်သွားတဲ့အခါ အထင်ကရ နေရာတွေကို သူကနောက်ခံ အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ရင်းရင်းနှီးနှီး သိနေခဲ့လို့ နေရာအသစ် ရောက်သွားသလို မခံစားရဘူးလို့ သူက ဆိုပါတယ်။

၁၉၈၈ မှာ လန်ဒန်တက္ကသိုလ်က သူ့ကို စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ သုတေသန နယ်ပယ်မှာ ထူးချွန်သူတွေကို ချီးမြှင့်တဲ့D.Litt. ဘွဲ့ကိုလည်း ၁၉၉၀ ခုနှစ်မှာ ချီးမြှင့်ခံ  ခဲ့ရပါတယ်။

မြန်မာပြည်ကို  ပြန်လာပြီး နောက်မှာတော့ ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန ပညာဌာနကို ဦးဆောင် တည်ထောင်ခဲ့ပြီး မြန်မာ့သမိုင်း ကောင်မရှင်မှာ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် သမိုင်းပညာရပ်မှာ အတွေ့အကြုံ များစွာရှိခဲ့တဲ့ ဒေါက်တာသန်းထွန်းဟာ ပညာရပ်ဆိုင်ရာ အမြင့်ဆုံးဆုဖြစ်တဲ့ ဖူကူအိုကာ အာရှယဉ်ကျေးမှုဆုကို ရရှိခဲ့ပါတယ်။

ဟင်္သာတမြို့၊ ပိုးစတောကျောင်းတိုက်က တိုက်အုပ်ဆရာတော် ဦီးတိက္ခဓမ္မာလင်္ကာဟာ မြန်မာရက်စွဲသမိုင်း(ကုန်းဘောင်ဆက်)ကို ပြုစုခဲ့ရာ ဒေါက်တာသန်းထွန်းက ပါဝင်ကူညီခဲ့ပါတယ်။

ထို့နောက် မြန်မာသမိုင်း ရာဇဝင် စာအုပ်တွေထဲ သက္ကရာဇ် လွဲချော်မှုတွေကို ပြင်ဆင်ခဲ့ရာ ‘မှန်နန်းရာဇဝင်ရက်စွဲအမှားပြင်ဆင်ချက်’၊ ‘ကုန်းဘောင်ဆက် ရက်စွဲအမှားပြင်ဆင်ချက်’၊ ‘ဒုတိယမှန်နန်းရာဇဝင်ပါ အမှားပြင်ဆင်ချက်’၊ ‘သုသောဓိသရာဇဝင် ရက်စွဲအမှားပြင်ဆင်ချက်’ ဆိုပြီး စာအုပ်လေးအုပ် ထွက်ရှိခဲ့ပါတယ်။

‘မြန်မာရက်စွဲသမိုင်း (ကုန်းဘောင်ဆက်)’ စာအုပ်ကတော့ ပုံနှိပ်ပြီးတဲ့ ညမှာပဲ မန္တလေးဈေးချို မီးလောင်ရာပုံနှိပ်တိုက် ပါသွားလို့ ဈေးကွက်ထဲ မဖြန့်ဝေလိုက်ရလိုက်ရဘူးလို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။

ကံကောင်းထောက်မစွာနဲ့ မူရင်းစာအုပ်ကတော့ ပိုးစတောကျောင်းတိုက်မှာ ရှိနေသေးတာကို စာရေးသူ ရှာတွေ့ခဲ့ပြီး လေ့လာခွင့် ရခဲ့ပါတယ်။စာမျက်နှာ တထောင်နီးပါး ရှိပြီး နောက်ပိုင်း တချို့တဝက်က ပိုးကိုက်လို့နေပါတယ်။ မြန်မာရာဇဝင် ကျမ်းတွေကိုအဆက်ဆက်ကူးယူ ပုံနှိပ်ရင်း သက္ကရာဇ်တွေမှာ ကိန်းဂဏန်းတွေ မှားယွင်း နေတာကို ပြန်ပြင်ဖို့လို့ အမှာစာမှာရေးသား ထားပါတယ်။

တဆက်တည်းမှာပဲ ဒေါက်တာသန်းထွန်းနဲ့ ဦီးတိက္ခဓမ္မာလင်္ကာရ ပညာရှင်ချင်း တွဲဖက်ညီညီ အလုပ်လုပ်ကြတာကိုလည်း သိခဲ့ရပါတယ်။ သင်္ချာပညာရပ်ကို ကျွမ်းကျင်ပြီး ဗေဒင်ပညာရပ်မှာ နာမည်ကျော်တဲ့ ဆရာတော်ဟာ လက်ရှိသုံးနေတဲ့ နိုင်ငံတော်ပြက္ခဒိန်ကို ပြုစုရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်းဟာ ကုန်းဘောင်ခေတ်ရဲ့ ရက်စွဲသမိုင်းကိုပြုစုဖို့ ပိုးစတောကျောင်းတိုက်ကို ငါးကြိမ်ထက်မနည်း လာရောက်ခဲ့ပြီး ဆရာတော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပညာမာနကြီးတဲ့ ဦီးတိက္ခဓမ္မာလင်္ကာရဟာ တန်ရုံလူပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရေး မပြေပြစ်ပေမဲ့ ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုးနဲ့တော့ ဖက်လဲတကင်း ဆက်ဆံရေး ရှိခဲ့ပါတယ်။

ဆရာတော်ရဲ့ တပည့်လို့ဆိုနိုင်ပြီး ပိုးစတောကျောင်းတိုက်မှာ လက်ရှိသီတင်းသုံးနေတဲ့ ဦိးဇောတိက က “ဦီးတိက္ခက ပညာရပ်နဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ ဗိုလ်မထားတတ်တဲ့ ပုဂ္ဂိုလ်မျိုး၊ ဒေါက်တာသန်းထွန်း ကလည်း သမိုင်းပညာရပ်မှာ နာမည်ကျော်ကြား နေပြီ။ သူတို့ နှစ်ယောက်ကျတော့ ပေါင်းလို့ရသွားတယ်”လို့ မိန့်ဆိုပါတယ်။

ဒါ့အပြင် ဒေါက်တာသန်းထွန်း ကျောင်းတိုက်ကို လာရောက်တဲ့ အကြိမ်တိုင်းမှာလည်း သံဃာတွေကို ဘာဝန်ထုပ်ဝန်ပိုးမှ မပေးဘဲ သူ့ဝေယျာဝေစ္စကို သူ့ဟာသူ အပြည့်အစုံ တာဝန်ယူ တတ်တဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။“သူ့ကြည့်ရတာ အလုပ်လုပ်ဖို့ အမြဲတမ်းရွှင်လန်းတက်ကြွနေသူပဲ” လို့ ဒေါက်တာသန်းထွန်း ပိုးစတောကျောင်းတိုက်ကို ရောက်လာစဉ် မြင်ဖူးခဲ့တဲ့ ဦးပညာဒီပက သူမှတ်မိသလောက်ကို မိန့်ဆိုပါတယ်။

‘ကုန်းဘောက်ဆက် မြန်မာရက်စွဲသမိုင်း – ဒုတိယအကြိမ်’ ကို စိတ်ကူးကူးချိုချို အနုပညာ စာအုပ်တိုက်က

ဒေါက်တာသန်းထွန်း ဆုံးပါးသွားတဲ့ ၂၀၀၅ ခုနှစ်မှာ ပြန်လည် ပုံနှိပ်ထုတ်ဝေထားတဲ့ ကြော်ငြာကို သျှမ်းရိုးမစာအုပ် ဘလော့ အင်တာနက်မှာ မြင်တွေ့ရပါတယ်။ (http://shanyomabookscatalogues.blogspot.com/2014/07/blog-post_2365.html?m=1)

မူရင်း စာအုပ်လက်ကျန်ကို ရရှိထားတဲ့ ဟင်္သာတမြို့ခံ ကဗျာဆရာတစ်ဦးက စာအုပ်တိုက်ပိုင်ရှင်ကို ထိုစာအုပ်ပြပြီး ပြန်လည်ပုံနှိပ်ဖို့ တိုက်တွန်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ခေတ်သစ်မြန်မာ့သမိုင်းပေါ် အမြင်

ဒေါက်တာသန်းထွန်း ရေးသားခဲ့တဲ့ သမိုင်းပညာရပ် စာအုပ်တွေဟာ သုတေသနကို အားစိုက်ပြီး အချက်အလက်တွေကို ဖော်ထုတ်လေ့ ရှိတာကြောင့် တအုပ်ဆိုတအုပ် အလျောက် ဂယက်ရိုက်လေ့ ရှိခဲ့ပါတယ်။

တဖက်မှာတော့ အာဏာရှင် အစိုးရတွေရဲ့ စာပေစိစစ်ရေး စနစ်ကြောင့် ဖြန့်ချိဖို့ မလွယ်ကူတာတွေ လည်းရှိခဲ့ပါတယ်။ ဒီအခါမှာ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းဆိုင်ရာ တွေ့ရှိချက်တွေနဲ့ အမြင်ဟာ စူးစမ်း လေ့လာချင်စရာ ဖြစ်လာပါတယ်။

ခေတ်သစ် မြန်မာ့သမိုင်းနဲ့ ပတ်သက်လို့ ဒေါက်တာသန်းထွန်း ရေးသားခဲ့တာတွေထဲမှာ အမျိုး ဘာသာ သာသနာ ဦးထိပ်ထားတဲ့ နိုင်ငံရေးသမားတွေကို ဝေဖန်ထားတာ တွေ့ရပါတယ်။

၁၉၃၂ ခုနှစ် ကိုလိုနီစနစ်အောက်မှာ ဒိုင်အာခီအုပ်ချုပ်ရေး စတင်ခဲ့စဉ်က မြန်မာနိုင်ငံဟာဘုရင်ခံအုပ်ချုပ်ရေး စနစ်သို့ ရောက်ရှိခဲ့ပါတယ်။ ဘုရင်ခံက လက်ပြောင်းဌာနတွေ အတွက် ဝန်ကြီးတွေ ခန့်အပ်ရပါတယ်။

“ထိုခေတ်က ဝန်ကြီးရာထူး ဝင်ယူကြခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ဝါဒရေးရာမှာ ပြတ်ပြတ်သားမရှိကြဘဲ အမျိုးဘာသာ၊ သာသနာ ဆိုတဲ့ ဆေးမြီးတိုနဲ့သာ ဝန်ကြီးလုပ်ခဲ့ကြသူတွေ”လို့ ဒေါက်တာသန်းထွန်းက ဝေဖန်ခဲ့တာပါ။ ဒါ့အပြင် မြန်မာတို့ရဲ့ ကုလားမုန်းတီးရေးစိတ် သန္ဓေတည်လာပုံ အကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။

၁၉၃၀ ပြည့်နှစ်လွန်တဲ့အခါ ဗြိတိသျှအုပ်ချုပ်ရေးအောက်မှာ အိန္ဒိယနဲ့ ဆက်ပြီး တွဲနေမလား၊ သီးခြားခွဲထွက်နေမလားဆိုပြီး မြန်မာတွေဟာ အကြပ်အတည်း ဆိုက်လာကြပါတယ်။ သီးခြား ခွဲထွက်နေပါက အိန္ဒိယ လွတ်လပ်ရေး ရတဲ့အခါ မြန်မာမပါဘဲ ကျန်ရစ်မည်ကို စိုးရိမ်သူတွေ  ရှိသလို၊ မြန်မာနဲ့ ကုလား သဘာဝချင်း မတူဘဲ တွဲနေခြင်းက မတရားဆိုပြီး ယူဆသူတွေလည်း ရှိပါတယ်။

“ထို အကြပ်အတည်း အတွင်းမှာပဲ အင်္ဂလိပ်မုန်းတီးရေး ဝါဒကနေ တဆင့်တက်ပြီး ကုလားမုန်းတီးရေးဝါဒ စတင်ခဲ့တယ်”လို့ ဒေါက်တာသန်းထွန်းက ဆိုထားပါတယ်။

တကယ်တမ်းမှာ ဗြိတိသျှတို့ ခေါ်ဆောင်လာခဲ့တဲ့ ကုလားကူလီတွေကို လုပ်ခနည်းနည်းနဲ့ အလုပ်ခိုင်းလို့ ရတာကြောင့် မြန်မာတို့က အစောပိုင်းမှာ ကျေနပ်ခဲ့ကြပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ အမြင်အရ စပါးဈေးကျပြီး စီးပွားပျက်လာတဲ့အခါ ဆင်းရဲလာတဲ့ မြန်မာတွေဟာ ထိုဈေးပေါတဲ့ ကုလားကူလီတွေကို ရန်သူအဖြစ် မြင်လာကြတာပါ။ ဒါ့အပြင် မြန်မာမင်းတွေရဲ့ ဆင်ဖြူတော်တွေ့ရင် နိမိတ်ကောင်းတယ်ဆိုတဲ့ အယူအဆကိုလည်း “ဆင်ဖြူတော် ဆိုတာလည်း တိရိစ္ဆာန်ပဲ၊ မယုံရင် အနင်းခံကြည့်ပါလား” ဆိုပြီး ဒေါက်တာသန်းထွန်းက ခပ်ရွဲ့ရွဲ့ မှတ်ချက်ပေးခဲ့ပါတယ်။

တမ်းတနေရသူ

မြစ်ဝကျွန်းပေါ်ဒေသ ၊ ငါးသိုင်းချောင်းမြို့နယ် ၊ ငဝန်မြစ်ကမ်းနဘေးက ဒေါင့်ကြီးရွာသား ဒေါက်တာသန်းထွန်းဟာ သေဆုံးချိန်တိုင်အောင် သမိုင်းသုတေသန အလုပ်တွေကို စိတ်အားထန်သန်စွာ လုပ်သွားသူလို့ ဆိုရမှာပါ။ ၂၀၀၅ ခုနှစ် သူ့အသက် ၈၃ နှစ်အရွယ် နှလုံးရောဂါနဲ့ ဆုံးပါးချိန်မှာ မန္တလေးတက္ကသိုလ်ရဲ့ သမိုင်းဌာန အဆောက်အဦးထဲမှာပဲ ဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်း ဆုံးပါးသွားတဲ့အခါ သတင်းစာဆရာ လူထုစိန်ဝင်းက “ပညာရှင်ဆိုတာ သူ့ပညာကို ချစ်မြတ်နိုးရုံတင်မက ထပ်တိုးပွားအောင် လုပ်ရတယ်။ နောက်လူတွေကို မျှဝေရတယ်။ ဒါလောက် အထိတော့ လုပ်နိုင်ကြသူတွေ၊ လုပ်နေတဲ့ သူတွေရှိပါတယ်။ ဒါပေမဲ့ တခြားအရည်အချင်း တခုဖြစ်တဲ့ ‘ပညာမာန’ ကျတော့ နုံနဲ့ကြပါတယ်။ အများစုက ငွေအတွက်၊ ရာထူးအတွက် ပညာရှင်မာနကို ခဝါချပြီး ပစ်လိုက်ကြ ပါတော့တယ်။ ရာထူးမရရင် နေပါစေ ပညာမာနကိုတော့ အရိုက်ချိုး မခံနိုင်ဘူး ဆိုတဲ့လူမျိုး ဘယ်မှာ ရှိလို့လဲ။ ဆရာ့ပညာမာနကတော့ အရပ်စကားနဲ့ ပြောရရင် တလူလူကို လွင့်နေတယ်လို့ ပြောရလောက်အောင် ကြီးတာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

ဒီနေ့အထိလည်း သူနဲ့ ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုသံတွေ၊ နှမြောတသဖြစ် သံတွေကို ကြားနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီနေ့အထိ ဖြစ်ပျက်ခဲ့သမျှ တွေမှာ သမိုင်းကြောင်းနဲ့ ချီပြီး ငြင်းခုန်စရာ ရှိလာတဲ့အခါ စာနယ်ဇင်းသမားတွေဟာ သမိုင်းပညာရှင်တွေကို ချည်းကပ်မေးမြန်းဖို့ ကြိုးစားကြရပါတယ်။

ဒါပေမဲ့ ပညာရှင်မပီသမှုနဲ့ တိုင်းပြည်အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေးမူဝါဒအတိုင်း သံယောင်လိုက်တဲ့ ပညာရှင်တွေကို

စာရေးသူ ကြုံခဲ့ဖူးပါတယ်။ လွတ်လွတ်လပ်လပ် ထောက်ပြပြောဆိုနိုင်တဲ့ သမိုင်းပညာရှင် တချို့ကလည်း

တိုင်းပြည်အရေး အခင်းတွေနဲ့အတူ ပြည်ပကို ရောက်သွားကြပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီဘက်ခေတ်မှာ သမိုင်းပညာရပ်ကို သေချာလေ့လာနေတဲ့ လက်တစ်စုပ်စာ ကျောင်းသားလူငယ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ သက်ကြီး ပညာရှင်တွေဆီမှာ မတွေ့ရတဲ့ သမိုင်း အမြင်အသစ်တွေ သူတို့ဆီမှာ ရှိနေပါတယ်။

ဖက်ဒရယ်နဲ့ ပြည်ထောင်စုရဲ့ သဘောတရားကို အပြန်အလှန်ဆွေးနွေးကြပြီး ပင်လုံစာချုပ်ရဲ့ အနှစ်သာရကို

ဝေဖန် ဆန်းစစ်နိုင်ကြသူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲမှာ တက္ကသိုလ် သမိုင်းကြောင်း ဖော်ထုတ်မှုတွေကို သမိုင်းဌာနက ကျောင်းသားလူငယ်တွေက အဓိက ဦးဆောင်လုပ်သွားတာ တွေ့ရပါတယ်။ ဒါ့အပြင် သမိုင်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ကျောင်းသားတွေက ထည့်သွင်း ကျင်းပခဲ့ပါတယ်။

သူတို့ ဆွေးနွေးခဲ့ကြတဲ့ အထဲမှာ သမိုင်းပညာရပ်ကို လူစိတ်ဝင်စားမှု နည်းရခြင်း အကြောင်းတွေ ပါဝင်ပါတယ်။

ဒီ ကျောင်းသားလူငယ်တွေရဲ့ ဆွေးနွေးဟောပြောချက်တွေကို နားထောင်ရတာ သမိုင်းပညာရပ်ပေါ်မှာ စိတ်အား ထက်သန်မှုရှိတာ သေချာပါတယ်။

သတင်းအချက်အလက် ခေတ်မှာ ဘယ်နယ်ပယ်မှာမဆို အချက်အလက် လွဲမှားမှုတွေကို တိုက်ဆိုင် စစ်ဆေးဖို့နဲ့ ထိန်ချန်ထားတဲ့ အခြင်းအရာတွေကို တခုပြီးတခု ဖော်ထုတ်ဖို့ရာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့ ယှဉ်ရင် မခက်ခဲတော့ပါဘူး။

တကယ်လို့သာ သမိုင်းပညာရပ်ကို တန်ဖိုးထားတတ်တဲ့ နိုင်ငံရေးစနစ် တခုဖြစ်လာဦးမယ် ဆိုရင် ဒေါက်တာသန်းထွန်းလို နောက်ထပ် သမိုင်းပညာရှင်မျိုးတွေ ဒီတိုင်းပြည်မှာ ပေါ်ပေါက်ဖို့ အလားအလာကောင်း များစွာရှိတယ်လို့ သုံးသပ်မိပါတယ်။

အချက်အလက် အသစ်တွေ့ရင် အလွဲအမှား အပိုအလိုတွေကို ပြင်ဆင်ဖြည့်စွက်ဖို့ လက်မနှေးတတ်တဲ့ဒေါက်တာသန်းထွန်း ကိုယ်တိုင်ကလည်း သူမသိသေးတာတွေကို နောက်လူတွေက ဖြည့်နိုင် ပြင်နိုင်မယ်လို့ယုံကြည်ထားသူဖြစ်ပါတယ်။

ကိုးကား – Ignoring the past in the classroom (Rosalie Metro)/ Frontier Myanmar Magazine ၊ ငါပြောချင်သမျှ

ငါ့အကြောင်း (ဒေါက်တာသန်းထွန်း) ၊ ကုန်းဘောင်ဆက် မြန်မာရက်စွဲသမိုင်း (ဦီးတိက္ခဓမ္မာလင်္ကာရနဲ့ ဒေါက်တာသန်းထွန်း)၊

ခေတ်သစ်ရာဇဝင် (ဒေါက်တာသန်းထွန်း)၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အသစ်မြင်မြန်မာ့သမိုင်း (ဒေါက်တာသန်းထွန်း)