ကရင်နီပြည်နယ်မှာ စစ်ကောင်စီကအရပ်သား ၇၀ နီးပါးကို လူသားဒိုင်းအသုံးပြုခဲ့ပြီး သုံးဦးထက်မနည်းသေဆုံးခဲ့

ဧပြီ၊ ၂၈

စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့တွေမှာ စစ်တပ်က အရပ်သား၆၈ ဦးကိုလူသားဒိုင်းအဖြစ် ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီ း ၃၀ ကျော်ပြန်လွတ်ပေမယ့် သုံးဦးထက်မနည်း သေဆုံးခဲ့ကာ တချို့မှာ ပြန်မလွတ်လာသေးဘဲ တချို့မှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လူ့အခွင့်အရေးလှုပ်ရှားသူတွေကပြောပါတယ်။ ‘’တချို့ဖြစ်စဉ်တွေမှာ ဖမ်းလိုက်၊ လွှတ်လိုက်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒီလို ဖမ်းလိုက်၊ လွှတ်လိုက်တွေကိုရော ပေါင်းလိုက်မယ်ဆိုရင် ၆၈ ယောက် ဝန်းကျင်ခန့်ရှိပါတယ်။ တချို့လူသားဒိုင်းအနေနဲ့ ဖမ်းဆီးမှာတွေမှာ (၂၀) ကျော် ရှိတယ်။

တချိုဖြစ်စဉ်မှာတော့ ၅/၆ ဦးပေါ့နော်’’ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကပြောပါတယ်။ လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုဖြစ်စဉ်မှာ ဖယ်ခုံက တဦးနဲ့လွိုင်ကော်က တဦးအပါအဝင် စုစုပေါင်း သုံးဦးသေဆုံးခဲ့ပြီး မြေပြင်မှာဒီထက်မက များပြားနိုင်ပြီး သတင်းမရပဲ ပျောက်ဆုံးတာတွေလည်းရှိတယ်လို့ လည်း ပြောပါတယ်။ ‘’ပြန်လွတ်လာတာက ၃၀ ကျော်ရှိပါတယ်။ ဖယ်ခုံ၊ ဒီမောဆို၊ ဖရူဆို၊ လွိုင်ကော်ဘက်တွေက ပြန်လွတ်လာတာတွေပါ။

စဖမ်းတဲ့ ကာလမှာ ဖယ်ခုံမှာ ၁၀ ကျော်ကျော်၊ ဒီမောဆိုဘက်မှာ ၇ ဦး၊ ဖရူဆိုဘက်မှာက ၄ ဦး ၊ လွိုင်ကော်ဘက်မှာ ၆ ဦး ပြန်လွတ်လာတာတွေ ရှိပါတယ်’’လို့လည်းဖြည့်စွက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ စစ်တပ်ရဲ့ လူသားဒိုင်းအဖြစ် အရပ်သားတွေကို အသုံးပြုမှုမှာ ၂၀၂၁ ခုနှစ်၊ဩဂုတ်လမှာ ပထမဆုံးစတင်မှတ်တမ်းတင်ခဲ့ပြီး ဒီနှစ် ဧပြီလ ၂၅ ရက်က ပင်လောင်းမြို့နယ်၊ လယ်ကြားကျေးရွာက ဒေသခံရွာသားတွေကို လူသားဒိုင်အသုံးပြုမှုအထိ (၁၀)ကြိမ်ခန့် ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ “ဒီဟာက ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတစ်ခုဖြစ်တယ်။ ဒါဟာ လူတွေကို အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထားတစ်ခုကို တွန်းပို့တယ်။ အန္တရာယ်များတဲ့ ပစ်ခတ်မှုအတွင်းမှာ ကြားခံအနေနဲ့ သုံးတယ်။

တဖက်မှာကလည်း မြေမြှုပ်မိုင်းရှင်းလင်းရေးအဖြစ် လူကိုအသုံးပြုတယ်လို့လည်း သက်ရောက်မှုရှိပါတယ်။ သူတို့ဟာ တုပ်နှောင်ခြင်းခံရတယ်။ ဖမ်းဆီးတဲ့ ကာလမှာ ရိုက်နှက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေအပြင် မိသားစုတွေနဲ့ ဆက်သွယ်ပြတ်တောက်ခြင်း ခံရတယ်။” လို့ သူက ပြောပါတယ်။ စစ်ကောင်စီဟာ ကရင်နီပြည်မှာ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို လူသားဒိုင်းအဖြစ် နှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ပြီး အရပ်သားတွေကို လမ်းပြပုံစံလို ချောဆွဲတာတွေလည်း မကြာခဏ ရှိနေတယ်လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်မှ ဒီနေ့အထိ ဒီးမော့ဆို-ဖရူဆိုလမ်းကြောင်းမှာ ဖြစ်ပွားတဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမှုမှာ (၄) ဦးကို ပြန်လွတ်လိုက်ပေးမဲ့ (၂)ဦးကို ဖမ်းထားဆဲဖြစ်ပြီး ဖယ်ခုံမြို့နယ်ထဲက ရွာသား (၁၉) ဦးဖြစ်စဉ်မှာ (၁၈) ဦးဟာ လက်ရှိအချိန်ထိ အကျဉ်းကျနေကာ တဦးမှာ လမ်းခရီးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ “လွိုင်ကော်က ဖြစ်စဉ်မှာဆိုရင်လည်း ဖမ်းတဲ့အထဲမှာ ပျောက်ဆုံးနေတဲ့ ပျောက်ဆုံးမှုတွေ ရှိပါသေးတယ်။သေဆုံးစာရင်းက အဲဒီမှာ ၂ ဦးထွက်လာတယ်။ လုံးဝပြန်မလွတ်တဲ့ သူက လေးယောက်ပေါ့နော် ။

သက်ကြီးရွယ်အိုတွေ ပြန်လွတ်လာတာရှိပါတယ်”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ပြောပါတယ်။ ဧပြီလ ၂၄ ရက်က ပင်လောင်းမြို့နယ်၊ လယ်ကြားကျေးရွာက အရပ်သား တချို့ကို လက်နောက်ပြန်ကြိုးတုပ် ကာ လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကရင်နီးပူးပေါင်းတပ်က လယ်ကြားကျေးရွာကို နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် ကြိုးတုပ်သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ရှမ်းကယားအစပ်က နန်းနိမ်၊ လုံးပြင်၊ တောင်မဲသင်း၊ မြောက်စလုံး စတဲ့ ကျေးရွာအနီးက တိုက်ပွဲတွေမှာ ဒေသခံအရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအသုံးပြုတာ စစ်တဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ KNDF-ဖယ်ခုံက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်းချိန်မှ ဒီနှစ်မတ်လ ၃၁ ရက်အထိ ကရင်နီပြည်နယ်မှာ မတရားဖမ်းဆီးခံရသူ ၃၇၉ ဦးနဲ့ အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၃၁၃ ဦးအထိ ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ ကရင်နီပြည်နယ်မှာသာမက အခြားနေရာတွေမှာပါ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်မှုတွေကျူးလွန်တာတွေလည်းရှိနေပါသေးတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တာတိုင်းကျေးရွာမှာဆိုရင်ပြီးခဲ့တဲ့ မတ်လ ဆန်းက စစ်ကောင်စီက အရပ်သား ၁၅ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။