ဧပြီ၊ ၂၈
နိုင်ငံတဝန်း အပူချိန်တွေ စံချိန်တင်မြင့်တက်နေတဲ့ အခုလအတွင်း ဒေသအသီးသီးမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျ သေဆုံးသူ (၁၁)ဦးထက်မနည်းရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တွေအပါအဝင် နိုင်ငံတဝန်းမြို့အများစုမှာ အပူချိန်တွေမြင့်တက်ခဲ့တဲ့ အခုလအတွင်း သက် ကြီးပိုင်း တွေနဲ့ သက်လတ်ပိုင်းတွေ လဲကျသေဆုံးမှုတွေဆက်တိုက်ဖြစ်ခဲ့တာပါ။
ဒေသအသီးသီးက လူမှုကူညီရေးအသင်းတွေရဲ့ အသိပေးဖော်ပြထားမှုတွေအရ အခုလအတွင်း ရန်ကုန်၊မန္တလေး၊ ပဲခူးတိုင်း ကြို့ပင်ကောက်၊ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၊စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်၊ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်တို့မှာ လဲကျသေဆုံးတာ၊ အမောဖောက်သေဆုံးတာတွေဖြစ်ခဲ့တာပါ။
လူမှုကူညီရေး ပရိဟိတအသင်းတွေရဲ့ ဖော်ပြချက်တွေအရ အဲ့ဒီလို လဲကျသေဆုံးသူ စုစုပေါင်း(၁၁) ဦးထက်မနည်း ရှိတယ်လို့ DNA က စာရင်းကောက်ယူထားနိုင်ပါတယ်။
အခုလအတွင်း လဲကျသေဆုံးမှုတွေဟာ ရန်ကုန်မြို့မှာ အများဆုံးဖြစ်ခဲ့ပြီး လေးဦးအထိ သေဆုံးခဲ့တာပါ။ မန္တလေး မြို့ နဲ့တာချီလိတ်မြို့နယ်တွေမှာ နှစ်ဦးစီရှိခဲ့ပြီး ကြို့ပင်ကောက်၊ မြောက်ဦးနဲ့ ခင်ဦးမြို့နယ် တို့မှာ တဦးစီသေဆုံးခဲ့ ပါတယ်။ဒါဟာ လက်ရှိအချိန်အထိ DNA က ပြုစုထားနိုင်တဲ့စာရင်းသာဖြစ်ပြီး မြေပြင်မှာ လဲကျသေဆုံးမှုတွေအခုထက်ပိုရှိ နိုင်ပါ သေး တယ်။
ရန်ကုန်မြို့မှာ အခုလ (၁၀)ရက်က လှည်းကူးကနေ စက်ဘီးစီးပြန်လာတဲ့ စက်ဘီးစီးသမားတဦး ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်အရောက်မှာ လဲကျသေဆုံးခဲ့ပါတယ်။ဒါ့အပြင် သာကေတမြို့နယ်မှာတပတ်အတွင်း အသက် လေးဆယ်ဝန်းကျင်အရယ် အမျိုးသားနှစ်ဦးလဲကျသေဆုံးခဲ့သလို မရမ်းကုန်းမြို့နယ်မှာလည်း အသက် (၇၀)ကျော် အရွယ် အမျိုးသားတဦးသေဆုံးခဲ့ပါသေးတယ်။
အလားတူ မန္တလေးမြို့မှာလည်း ဧပြီ ၂၀ရက်ကနေ ၂၂ရက်အထိ သုံးရက်အတွင်း အမျိုးသားနှစ်ဦး လဲကျသေဆုံးမှု ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဧပြီ ၁၉ရက်ကလည်း မန္တလေးမြို့မှာ အစာရေစာပြတ်လပ်ပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းသုံး လောင်းအထိ တရက်တည်းတွေ့ခဲ့ရပါသေးတယ်။
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာတော့ ဧပြီလ ၂၄ရက်က အသက် ၆၈နှစ်အရွယ် အမျိုးသားတဦး ကြို့ပင် ကောက်မြို့မဈေးက အများသုံးအိမ်သာရှေ့မှာ အိမ်သာကအထွက်လဲကျသေဆုံးခဲ့ပါတယ်။
အလားတူ ရခိုင်ပြည် နယ် မြောက်ဦးမြို့ မြို့မဈေးမှာလည်း ဈေးလာဝယ်လာတဲ့ အသက်(၅၀)ကျော်အရွယ်အမျိုး သားတဦး ဧပြီ ၂၂ရက်က လဲကျသေဆုံးခဲ့ပါတယ်။
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာတော့ ဧပြီ ၂၄ရက်ကနေ ဒီကနေ့အထိ ငါးရက်အတွင်း အမျိုးသားတဦးနဲ့ အမျိုးသမီး လဲကျသေဆုံးခဲ့တာပါ။
တာချီလိတ်မြို့နယ် တာလေမြို့မှာ ဧပြီ ၂၄ရက်က လဲကျသေဆုံးခဲ့တဲ့ အမျိုးသမီးဟာ အသက် (၅၀)ကျော်အရွယ် ရှိပြီး ဒီကနေ့ မနက်ပိုင်းက မူးလဲကာ သေဆုံးသွားတဲ့ အမျိုးသားကတော့ အသက် (၂၇)နှစ်အရွယ်ဖြစ်တယ်လို့ အဲ့ဒီမြို့အခြေစိုက် ဦးလှမိုး လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။
တာချီလိတ်မြို့နယ် ဆန်ဆိုင်း-ဝမ်မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ကိုထွန်းထွန်းဦးဆိုသူ မူးလဲပြီး သတိလစ်သွားလို့ သွားရောက်ကူညီခဲ့ပေမယ့် ဆရာဝန်ဆေးစစ်ချက်အရ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးနေပြီလို့ အဲ့ဒီလူ မှုကူညီရေးအသင်းကဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီက စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရင်း ဧပြီ ၁၉ရက်က အသက်(၈၀)ကျော်အရွယ် အဘွားအိုတဦး အပူဒဏ်နဲ့ ရေဓာတ်ပြတ်တာကြောင့် အမောဖောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကစလို့ နိုင်ငံတဝန်းမှာ အပူချိန်တွေ မြင့်တက်ခဲ့ပြီး မြို့အများစုမှာ နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်လောက်အထိ ရှိနေပါတယ်။
အဲ့ဒီလို အပူချိန်မြင့်တက်လာချိန်မှာ လျှပ်စစ်မီးကလည်းမှန်မှန်မရ တာ ကြောင့် မြို့ကြီးတွေက တိုက်ခန်းနေသူ တွေ အိမ်မှာနေရင်း မူးမေ့သတိလစ်တာမျိုးတွေရှိနေသလို သေဆုံးအထိ မဖြစ်ပေမယ့် လမ်းသွားရင်း မူးလဲကျသူ တွေလည်း ရှိနေတယ်လို့ ပရဟိတအသင်းအဖွဲ့တွေဆီကသိရပါတယ်။
ဒီကနေ့မနက် အစောပိုင်း မနက် တနာရီဝန်းကျင်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မီးပျက်နေချိန် နေအိမ် တိုက်ခန်းအတွင်း အပူချိန်များလို့ မိသားစုဝင်လေးဦး ချွေးထွက်လွန်ကာ မူးမေ့လဲကျမှုဖြစ်လို့ ရှေးဦးပြုစုမှုတွေလုပ် ကာ ဆေးရုံကိုပို့ပေးခဲ့ရသေးတယ်လို့ လောက ဟိတာဝဟလူမှုကူညီရေးအဖွဲ့က အသိပေးထားပါတယ်။
နေအိမ်တိုက်ခန်းထဲ မူးမေ့လဲကျခဲ့တဲ့ မိသားစုဝင်လေးဦးမှာ အသက် (၇)နှစ်အရွယ်ကလေးတဦးနဲ့ အသက် (၃၀) ကျော်ကနေ (၆၅)နှစ်အရွယ်အထိ ရှိသူ သုံးဦးလည်းပါဝင်ပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနကတော့ လာမယ့် မေလကနေ ဇူလိုင်လအတွင်း အယ်လ်နီညိုဖြစ်စဉ် ကြောင့် အပူချိန်မြင့်မားတာ၊မုန်တိုင်းဖြစ်တာတွေဖြစ်နိုင်သေးတယ်လို့ ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထား ပါ တယ်။