ဧပြီ၊ ၂၈
မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ဈေးပေါက်ရှိ ရွှေဆိုင်တဆိုင်မှာ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ နေ့ခင်းပိုင်းက ဓားမြတိုက်မှုဖြစ်ပေါ်ခဲ့ပြီး ကျပ်သိန်း ၂၇၀၀ နီးပါးရှိရွှေထည်ပစ္စည်းများ ပါသွားတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ နေ့ခင်း ၁၂ နာရီ ဝန်းကျင်လောက်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ (၆၂)လမ်း၊ (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြားရှိ ထက်ဝေယံ ရွှေဆိုင်ကို အမျိုးသားနှစ်ဦးက သေနတ် အပါအဝင် လက်နက်တွေကိုင်ဆိုင်ပြီး ဓားမြတိုက်ခဲ့ကြတာပါ။
” စက်မှုဈေးပေါက်က ရွှေဆိုင်ဓားမြတိုက်ခံရတာပါ။ သေနတ်တချက် ပစ်သွားတယ်။ အရင်တခေါက်ဖြစ်တဲ့ ဆိုင်နဲ့ နီးတယ်လေ တောင်ဖက်မြောက်ဖက်ပဲ အရင်တခေါက်ကလည်း တရားခံမိတယ်မကြားမိဘူး။ အခုတော့ ထုံးစံအတိုင်း စစ်ဆေးတာတွေလုပ်နေတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။
အဲဒီရွှေဆိုင်ကို စက်မှု(၁) ဈေးမှာ အမည်မသိအမျိုးသားနှစ်ဦးကထွက်လာပြီး သေနတ်အတို နှစ်လတ်ကိုင်ဆောင်က ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ မှန်ကောင်ကို ရိုက်ကွဲခွဲယူဆောင်ခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေကဆိုပါတယ်။
ဓားမြတိုက်မှုကြောင့် ဆိုင်အတွင်းရှိ ရွှေဆွဲကြိုး ၁၈ ကုံး၊ ရွှေနားကပ် ၃၈၀ ၊ ရွှေနားဆွဲ ၉၀ နဲ့ ရွှေဗန်း ၆ ဗန်း ကာလတန်ကြေး ကျပ်သိန်း ၂၇၀၀ လောက်ကိုယူဆောင်ပြီး အဲဒီအမျိုးသားနှစ်ဦးက စက်မှုဈေးထဲဝင်ရောက်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အခုဓားမြတိုက်မှုအပါအဝင် စက်မှုဈေးပေါက်က ဈေးဆိုင် ၂ ဆိုင် ၉ ရက်အတွင်း ဓားမြတိုက်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။
ဒီလ ၁၉ ရက်ကလည်း အဲဒီဈေးပေါက်ရှိ ထိပ်တန်းရွှေဆိုင်ကို အမည်မသိအမျိုးသားလေးယောက်က ဆိုင်ကယ်နှစ်စီးနဲက ရောက်လာပြီး ဓားမြတိုက်ခဲ့လို့ ကျပ်သိန်း ၂၀၀၀ ကျော်ရွှေထည်ပစ္စည်းတွေပါသွားခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မန္တလေးမြို့လယ်ခေါင်ရှိ ရွှေသန့်စင်ဆိုင်ကို ဓားမြတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာပါဝင်ခဲ့သူတွေလို့ဆိုကာ စစ်အုပ်စုက အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်မှာ ဓားမြမှုမှာပါတဲ့ အမျိုးသား နှစ်ဦးကို ထွက်ပြေးရန်ကြံစည်တယ်ဆိုပြီး စစ်အုပ်စုက ပစ်သတ်ခဲ့တာပါ။
စစ်အာဏာသိမ်းချိန်ကစပြီးမန္တလေးမှာ လက်နက်ကိုင်ဓားမြတိုက်မှုတွေ၊ လုယက်မှုတွေ၊ ခိုးမှုတွေများပြားလာနေပေမယ့် စစ်ကောင်စီဟာ ထိထိရောက်ရောက်တဲ့ဟန့်တားမှုတွေမပြုလုပ်နိုင်သေးပါဘူး။