ပူတင်ကို ဒရုန်းနဲ့ လုပ်ကြံဖို့ ယူကရိန်း အားထုတ်မှု မအောင်မြင်ခဲ့ကြောင်း သတင်းထွက်

ဧပြီ၊ ၂၈

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက် လုပ်ကြံဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

 ဂျာမန်ရဲ့ Bild သတင်းဌာနက နာမည်မဖော်တဲ့ သတင်းရင်းမြစ် တခုကို ကိုးကားပြီး ယူကရိန်းဟာ UJ-22 အမျိုးအစား ဒရုန်းတစီးကို C4 ဖောက်ခွဲရေး ကိရိယာတွေ တပ်ဆင်ပြီး ရုရှား ပိုင်နက်ထဲကို စေလွှတ်ခဲ့ကြောင်း စတင် ဖော်ပြခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အဲဒီ ဒရုန်းကို ရူဒ်နီဗို စက်မှုဇုန်ဆီ ဦးတည် လွှတ်တင်ခဲ့ပြီး သီတင်းပတ်အကုန်၊ ဒါမှမဟုတ် အခုသီတင်းပတ် အစောပိုင်းမှာ ရောက်လာမယ့် ပူတင်ရဲ့ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။

 ဒါပေမဲ့ အဲဒီဒရုန်းဟာ ရည်မှန်းထားတဲ့ နေရာကို မရောက်ခဲ့ဘဲ ၁၂ မိုင်လောက် အကွာမှာ ပျက်ကျခဲ့ပါတယ်။ Bild သတင်းဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ ဗိုရော့စ်ကိုဂို ဆင်ခြေဖုံး ရပ်ကွက်နားက တောအုပ်ထဲ ပျက်ကျနေတဲ့ ဒရုန်း အစိတ်အပိုင်းတွေကို ပြသထားပါတယ်။

 ယူကရိန်းအရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ယူရီ ရိုမာနန်ကိုက ယူကရိန်း ထောက်လှမ်းရေး ဌာနဟာ ဒရုန်းမပျက်ကျခင်က ပူတင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကြိုတင် သတင်းရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ပူတင်ရဲ့ ခရီးစဉ်ကို မရည်ရွယ်ဘဲ အတည်ပြုခဲ့မိတယ်လို့လည်း သူက ဆိုတယ်။

 နောက်ပြီး Twitterမှာလည်း ရုရှားနိုင်ငံသား တဦးက ပူတင်ရဲ့ ခရီးစဉ် မတိုင်ခင် စက်မှုဇုန် တဝိုက်က မြက်ခင်းတွေကို ဆေးအစိမ်းတွေ ကြိုမှုတ်နေတဲ့ ဗီဒီယိုကို တင်ထားခဲ့ပြီး ဒီအခြေအနေတွေက ခရီးစဉ်နဲ့ ပတ်သက်လို့ ယူကရိန်း ထောက်လှမ်းရေးကို ခန့်မှန်း အတည်ပြုနိုင်ဖို့ ပိုလွယ်ကူစေလိမ့်မယ်လို့ Bildက သုံးသပ် ရေးသားခဲ့ပါတယ်။

 ယူကရိန်းကတော့ ပူတင်ကို ပစ်မှတ်ထားပြီး ဖောက်ခွဲရေး ဒရုန်းတစီးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ ခန့်မှန်း သတင်းတွေအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ တချို့ ရုရှားလိုလားတဲ့ စစ်မက်ဆိုင်ရာ Bloggerတွေကတော့ ယူကရိန်းရဲ့ ပစ်မှတ်ဟာ အနားမှာရှိတဲ့ ရုရှားလေတပ်စခန်း တခု ဖြစ်နိုင်ခြေ ပိုများတယ်လို့ ရေးသားနေကြပါတယ်။

 ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက အမေရိကန်နဲ့ အနောက်နိုင်ငံတချို့ဆီက ထောက်လှမ်းရေး သတင်းတွေကိုလည်း ရရှိနေခဲ့ကြောင်း သိရပါတယ်။