နှစ်ဂိုးပြတ် ဦးဆောင်မှုကို လက်လွတ်ခံခဲ့တဲ့နောက် အသင်းသားတချို့ရဲ့ အားထုတ်မှုကို တန်ဟက်ဂ် မေးခွန်းထုတ်

ဧပြီ၊ ၂၈

နှစ်ဂိုး အသာနဲ့ ဦးဆောင်မှုကို ဖြုန်းတီးပစ်ခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် ကစားသမား တချို့ရဲ့ ခွန်အား စိုက်ထုတ်မှုအပေါ် အသင်းမန်နေဂျာ အဲရစ် တန်ဟက်ဂ်က ဝေဖန် မေးခွန်းထုတ်သွားခဲ့ပါတယ်။

 ဧပြီ ၂၇ ရက် ညပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ဟာ တော့တင်ဟမ် ဟော့စပါးကို ပထမပိုင်းအပြီး နှစ်ဂိုး အသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အသင်းကစားပုံက သိသိသာသာ လျော့ရဲသွားပြီး ပြိုင်ဘက် အိမ်ရှင် အသင်းကို အခွင့်အရေးတွေ အများအပြား ပေးခဲ့မိရာက ချေပဂိုး နှစ်ဂိုး ပြန်ခွင့်ပြုခဲ့ရပါတယ်။

 ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အနီးကပ်ဆုံး ပြိုင်ဘက်ကို အမှတ်ပိုဖြတ်ထားနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

 နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်က သူ့အနေနဲ့ နှစ်ဂိုး အသာရနေမှုကို ဖြုန်းတီးပစ်ခဲ့တဲ့ အခြေအနေအပေါ် အတော်လေး စိတ်ပျက်မိခဲ့ကြောင်း ပြောပါတယ်။ တော့တင်ဟမ်ကို ပထမ ချေပဂိုး ပေးပြီးတဲ့နောက် ချက်ချင်းဆိုသလို တတိယဂိုး ထပ်သွင်းနိုင်မယ့် အခြေအနေ ရခဲ့ပေမယ့် မစွမ်းဆောင်နိုင်ခဲ့ကြောင်း၊ အသင်းဟာ မိနစ် ၉၀ လုံးလုံး ပုံစံကောင်း ဖြစ်နေအောင် မကစားနိုင်ခဲ့ကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။

 တကယ်တမ်းမှာ ဒုတိယပိုင်း ပွဲကစားချိန်တွေအတွင်း တတိယဂိုး ထပ်ရသင့်ပေမယ့် တချို့ ကစားသမားတွေက ၉၀ ရာခိုင်နှုန်းလောက် ပေးဆပ်ကစားရင်တောင် လုံလောက်ပြီလို့ ခံယူထားကြကြောင်း၊ ကစားသမားတွေက စက်ရုပ်တွေ မဟုတ်ဘူးဆိုတာ နားလည်နေပေမယ့် အသင်းအတွက် အချိန်တိုင်းမှာ ရာနှုန်းပြည့် ပေးဆပ်နေဖို့ အရမ်းအရေးကြီးကြောင်း၊ ဒါဟာ အခြေခံ အကျဆုံး သဘောတရား တခုဖြစ်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

 တော့တင်ဟမ် အသင်းရဲ့ ယာယီ မန်နေဂျာ ရိုင်ယန် မေဆန်ကတော့ နှစ်ဂိုးရှုံးနေရာကနေ အကောင်းဆုံး တုံ့ပြန်ပြခဲ့တဲ့ သူ့အသင်းကို ချီးကျူးခဲ့ပါတယ်။ အသင်းသားတွေရဲ့ တုံ့ပြန်မှုကို ချီးကျူးချင်ကြောင်း၊ သူ့ကစားသမားတွေဟာ ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားရင်း သူတို့ရဲ့ စွမ်းရည်ကို ပြခဲ့ကြောင်း၊ သူ့လိုပဲ ပရိသတ်တွေလည်း ဒီပွဲမှာ အသင်းရဲ့ အနေအထားအပေါ် ကျေနပ် အားရလိမ့်မယ်လို့ ယုံကြည်ကြောင်း မေဆန်က မှတ်ချက် ပေးသွားခဲ့ပါတယ်။