ဆားလင်းကြီးအရှေ့ခြမ်းကို စစ်ကြောင်းထိုးလို့ ဒေသခံတသောင်းကျော် စစ်ရှောင်ခဲ့ရ

ဧပြီ၊ ၂၇
 
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် စစ်ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
 
“ စစ်ကြောင်းက အင်အား ၇၀ လောက်နဲ့ လာတဲ့လမ်းအတိုင်းပဲ ပြန်ထွက်တာ။ ခုက သူတို့ခြေကုပ်နေတဲ့ဆီ ပြန်ရောက်သွားပြီဆိုတော့ တချို့ဒေသခံတွေလည်း နေရပ်ပြန်ကုန်ကြပြီ “ လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်း က DNA ကို ပြောပါတယ်။
 
စစ်ကြောင်းပြန်သွားတဲ့အတွက် စစ်ရှောင်အများစု နေရပ်ပြန်ကြသလို ဖမ်းဆီးတာတော့ မရှိဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
စစ်ကြောင်းထိုးတာကြောင့် ရွှေလှေရွာ၊ ဝက်မှေးရွာ၊ ဖောင်းကတာ၊ ကံတောရွာ၊ တုံရွာ (မြောက်)၊ တုံရွာ (တောင်)၊ တုံရွာ (အလယ်)၊ ဇီးတောရွာ၊ ထန်းတောကြီး ၊ ကျောက်ဖြူတိုင်၊ ဆည်တဲ၊ ရေခါး အစရှိတဲ့ ကျေးရွာတွေအနီးဝန်းကျင်က ကျေးရွာ ၂၀ က အရပ်သားတွေ စစ်ရှောင်နေခဲ့ရပါတယ်။
 
အဆိုပါစစ်ကောင်စီတပ်တွေဟာ ဧပြီ ၂၅ ရက်နေ့က စစ်ကြောင်းနဲ့အတူပါလာတဲ့ ဓားစာခံ ၅ ဦးထဲက ကျန်ရှိနေသေးတဲ့ ၂ ဦးကို မနေ့က ဧပြီ ၂၆ ရက်နေ့က ရေခါးရွာအနီးမှာ ထပ်မံသတ်ဖြတ်ခဲ့ပါသေးတယ်။
 
“ စိတ်အထင်ပြောရရင် သူတို့သတ်ဖြတ်တာတွေက ဒေသခံကာကွယ်ရေးတပ်တွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာ။ စစ်ကြောင်းမှာ တမင်ခေါ်လာပြီး သတ်ပြတာ ကြောက်အောင်ခြောက်တာ “ လို့ သူကဆိုပါတယ်။
 
အဲ့ဒီစစ်ကြောင်းဟာ သူတို့နဲ့အတူပါလာတဲ့ ဓားစာခံ ၅ ဦးထဲက ၃ ဦးကို ဧပြီ ၂၅ ရက်နေ့မနက်ပိုင်းက မန်ကျည်းတန်းရွာအနီးမှာ သတ်ဖြတ်ခဲ့ပြီး ကျန် ၂ ဦးကို ဧပြီ ၂၆ ရက်နေ့က ရေခါးရွာအနီးမှာ သတ်ဖြတ်ခဲ့တာပါ။ ဒါ့အပြင်လမ်းသွားလမ်းလာတဦးကိုလည်း ရွှေလှေတံတားနားမှာ ပစ်သတ်ခဲ့ပါသေးတယ်။
 
လက်ရှိမှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်ပင်ကြီးစခန်းမှာ ရောက်ရှိနေပြီး မုံရွာဘက်ဆိပ်ကမ်းကနေ စက်လှေ တစီးနဲ့ ညောင်ပင်ကြီးဆိပ်ကမ်းဘက်ကို လာနေတာကြောင့် အဲ့ဒီစက်လှေနဲ့ မုံရွာဘက်ကမ်းကို ပြန်ကူးမယ်လို့ထင်ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်းတာကို လက်နက်ကိုင်ပြန်လည်ခုခံနေတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ချင်း၊ ကချင် အပါအဝင် ဒေသအနှံ့အပြားက အရပ်သားနေအိမ်တွေကို မီးရှို့တာ၊ အရပ်သားတွေကို မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် လူသားဒိုင်းအဖြစ်လည်း အသုံးပြုလေ့ရှိနေပါတယ်။
 
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ တစ်သန်းရှစ်သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်ပါတယ်။
 
ဒီအထဲက တစ်သန်း ငါးသိန်းနီးပါးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ဖြစ်ပါတယ်။ 
ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ