စစ်ပွဲကိစ္စ ဆွေးနွေးဖို့ ယူကရိန်းဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ ဇီလန်စကီးကို ရှီကတိပြု

ဧပြီ၊ ၂၇

ငြိမ်းချမ်းရေး ဆွေးနွေးမှု အလားအလာနဲ့ ပတ်သက်လို့ တရုတ် အစိုးရက ယူကရိန်းဆီ ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်သွားမယ်လို့ သိရပါတယ်။

 ဧပြီ ၂၆ ရက်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ကြား တိုက်ရိုက် ဖုန်းဆက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရင်းနှီးဆုံး အင်အားကြီး မဟာမိတ်အဖြစ် သတ်မှတ် ခံထားရတဲ့ ရှီက ဇီလန်စကီးကို အခုလို ဖုန်းဆက် ဆွေးနွေးတာဟာ ရုရှား-ယူကရိန်း စစ်ပွဲ ကာလတလျှောက်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

 တရုတ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ကြားနေတယ်လို့ ကြေညာထားပြီး ယူကရိန်း နိုင်ငံကို ရုရှားက ကျူးကျော် စစ်ပြုခဲ့တဲ့ အပေါ်မှာလည်း အတိအလင်း ရှုတ်ချဖို့ ငြင်းဆိုထားပါတယ်။

 နောက်ပိုင်းမှာတော့ ရှီဟာ ဒီပဋိပက္ခနဲ့ ပတ်သက်လို့ ကြားဝင်ပြီး စေ့စပ်ညှိနှိုင်းပေးဖို့ အနောက်မဟာမိတ် နိုင်ငံတွေဆီက ပြင်းထန်တဲ့ ဖိအားပေး တောင်းဆိုမှုတွေကို ကြုံလာရပါတယ်။ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဖုန်းဆက် ဆွေးနွေးမှုဟာ အခုသီတင်းပတ်မှာတော့ လက်တွေ့ အထမြောက်လာခဲ့ပါတယ်။

 ဇီလန်စကီးနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တဲ့နောက် ရှီက ကိယက်ဗ်မြို့ဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ရှီက စစ်ပွဲကို ရပ်ဆိုင်းစေချင်ရင် စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းကသာ တခုတည်းသော အဖြေဖြစ်တယ်လို့ ဇီလန်စကီးကို ပြောကြားခဲ့ကြောင်း တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြသွားပါတယ်။

 ယူကရိန်း အကျပ်အတည်းနဲ့ ပတ်သက်ရင် တရုတ်ဟာ ငြိမ်းချမ်းစွာ အဖြေရှာမှု နည်းလမ်းကိုပဲ လက်ကိုင်ထားချင်ခဲ့ကြောင်း၊ ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အချက်အခြာကျကျ ပါဝင်ဖို့ လိုလားကြောင်း၊ ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် တရုတ် ကိုယ်စားလှယ် အဖွဲ့တခုကို ယူကရိန်းဆီ စေလွှတ်မယ်လို့ ရှီက ဇီလန်စကီးကို ပြောကြားခဲ့ကြောင်း CCTVက ဆိုပါတယ်။

 တရုတ် အစိုးရရဲ့ ယူရေးရှား ရေးရာ နိုင်ငံခြားရေး မူဝါဒ ဌာနရဲ့ တာဝန်ရှိသူတွေဟာ ယူကရိန်းအပြင် ပဋိပက္ခနဲ့ သွယ်ဝိုက် ဆက်နွှယ်တဲ့ တခြားနိုင်ငံ တချို့ဆီကိုပါ သွားရောက်ပြီး လက်ရှိ ပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

 ဧပြီလဆန်းလောက်မှာ ရှီက သူဟာ ဇီလန်စကီးနဲ့ တွေ့ဆုံ စကားပြောချင်ကြောင်း မှတ်ချက်ပေးခဲ့ပြီး ဇီလန်စကီးကလည်း ရှီနဲ့ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦး ဖုန်းဆက် ဆွေးနွေးပြီးချိန်မှာတော့ ဇီလန်စကီးက သူဟာ သမ္မတ ရှီနဲ့ ရှည်လျားပြီး အဓိပ္ပါယ် လေးနက်တဲ့ ဖုန်းဆက် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ Twitterမှာ ရေးသားထားခဲ့ပါတယ်။

 တရုတ် အစိုးရက အခုဖုန်းခေါ်ဆိုမှုကို ယူကရိန်းဖက်က ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ ရှီက တရုတ်ဟာ မီးလောင်နေချိန်မှာ မီးစာဖြည့်တာမျိုး၊ မီးရဲ့ တဖက်ဖက်မှာ ဝင်ရပ်ပြီး မြှောက်ပေးတာမျိုးတွေ လုပ်ရင်း ပဋိပက္ခကနေ အမြတ်ထုတ်တာမျိုး လုံးဝ မရှိစေရဘူးလို့ ပြောကြားခဲ့ပါတယ်။

 ရှီဟာ ယူကရိန်းစစ်ပွဲ တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလမှာ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အချက် ၁၂ ခုပါတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် တခုကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အဆိုပြုချက်မှာ ယူကရိန်းမြေက ရုရှားတပ်တွေ ထွက်ခွာဖို့ဆိုတဲ့ အခြေခံ အကျဆုံး လိုအပ်ချက်တွေကို မျက်ကွယ်ပြုထားတာကြောင့် ရှီဟာ ပူတင်အစား လိုရာဆွဲ ဝါဒဖြန့်ဖို့ ကြိုးစားပေးခဲ့တာသာ ဖြစ်တယ်လို့ အနောက်မဟာမိတ် နိုင်ငံတွေက ဝေဖန်ခဲ့ကြပါတယ်။