ချန်ပီယံ ဆုဖလားကို စီးတီး လက်လှမ်းမီလာပြီလို့ မန်နေဂျာ ဂွာဒီယိုလာ ပြော

ဧပြီ၊ ၂၇

ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လှမ်းနိုင်တဲ့ အခြေအနေမျိုး သူ့အသင်းက လက်တွေ့ ဖန်တီးနိုင်ခဲ့ပြီလို့ အာဆင်နယ်ကို အနိုင်ယူအပြီးမှာ မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာက ကြွေးကြော်သွားပါတယ်။

 ဧပြီ ၂၆ ရက် ညပိုင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နေရာအတွက် အပြိုင်ဖြစ်နေတဲ့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံမှုကို ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ အဲဒီပွဲမှာတော့ လက်ရှိ ချန်ပီယံ စီးတီးဟာ အိမ်ကွင်း အစ်တီဟတ်မှာ အာဆင်နယ်ကို ၄-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် စီးတီးဟာ အာဆင်နယ်ထက် ၂ မှတ်လျော့ပြီး ဒုတိယ နေရာမှာ ဆက်ရှိနေတဲ့တိုင် အာဆင်နယ်ထက် ၂ ပွဲလျော့ ကစားထားပါတယ်။ တကယ်လို့ အဲဒီ လက်ကျန်ပွဲတွေ အားလုံး နိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်ကို ၄ မှတ် ပြန်ဖြတ်နိုင်မယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။

 လက်ရှိ အနေအထားအရ စီးတီးဟာ ၇ ပွဲ ကစားဖို့ ကျန်နေပြီး အာဆင်နယ်ကတော့ ၅ ပွဲပဲ လက်ကျန် အခွင့်အရေး ရှိပါတော့တယ်။ စီးတီးဟာ ရှေ့လာမယ့် ပွဲစဉ်တွေမှာ ဖူလ်ဟမ်ကို အဝေးကွင်း၊ ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွားရမှာပါ။

 စပိန်သား မန်နေဂျာ ဂွာဒီယိုလာက စီးတီး အနေနဲ့ အာရုံပျံ့လွင့်သွားလို့ လုံးဝမရကြောင်း၊ အခုဆိုရင် ချန်ပီယံ ဖြစ်ခွင့်ဟာ စီးတီးရဲ့ လက်လှမ်းနိုင်တဲ့ အခြေအနေဆီ ပြန်ရောက်နေပြီဖြစ်ကြောင်း ပြောပါတယ်။

 လာမယ့် ပွဲစဉ် ၃ ခုဟာ စီးတီးက ဘာလုပ်နိုင်တယ် ဆိုတာနဲ့ ဘာဖြစ်ချင်တယ် ဆိုတာကို အဆုံးအဖြတ် ပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ စီးတီးရဲ့ အမှတ်ပေးဇယား ရပ်တည်မှုက အာဆင်နယ် နောက်မှာ ရောက်နေဆဲ ဆိုတာကို မမေ့သင့်ကြောင်း၊ ဖြတ်သန်းရမယ့် အခြေအနေတွေက မလွယ်ကူပေမယ့် တပွဲချင်း အာရုံစိုက် ရှေ့ဆက်ရင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ချန်ပီယံဆုဟာ စီးတီးအတွက် လက်လှမ်းမီသွားပြီဖြစ်ပြီး ဒီအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့လိုကြောင်း ဂွာဒီယိုလာက မှတ်ချက်ပေးသွားပါတယ်။

 စီးတီးဟာ အခုရာသီမှာ အက်ဖ်အေ ရှုံးထွက်ဖလား ဗိုလ်လုပွဲကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း အကြိုဗိုလ်လုပွဲထိ တက်ရောက်ထားတဲ့အတွက် အဓိက ဆုဖလား ၃ လုံးစလုံး ဆွတ်ခူးဖို့ အလားအလာ ကောင်းနေပါတယ်။ အသင်းက ဘာတွေ စွမ်းဆောင်နိုင်သလဲ ဆိုတာကို သူ့ကစားသမားတွေ ကိုယ်တိုင် နားလည်ကြကြောင်း၊ အရေးကြီးတာက တပွဲချင်းစီကို အနိုင်ယူပြီး စွမ်းဆောင်ရည်ပိုင်း တည်တည်ငြိမ်ငြိမ် ထိန်းထားဖို့ဖြစ်ကြောင်းလည်း ဂွာဒီယိုလာက ဆိုပါတယ်။

 အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာကတော့ အခုပွဲမှာ ပိုကောင်းတဲ့ အသင်းက နိုင်သွားတာလို့ ဝန်ခံခဲ့ပါတယ်။ ဒီပွဲမျိုးမှာ အာဆင်နယ်ဟာ အကောင်းဆုံး ပုံစံကို ပြရမှာဖြစ်ပြီး လက်တွေ့ မလုပ်နိုင်ခဲ့ကြောင်း၊ ချန်ပီယံဖြစ်ဖို့ ဘာတွေ လိုအပ်ဦးမလဲ ဆိုတာကို မပြောတတ်တော့ကြောင်း၊ လေလောဆယ်မှာတော့ အသင်းသားတွေကို စိတ်ဓာတ် ပြန်မြှင့်တင်ပေးဖို့က အရေးကြီးပြီး အားလုံးက ခက်ခဲလွန်းတဲ့ အခြေအနေ တခုကို ရင်ဆိုင် ဖြတ်သန်းနေရကြောင်း အာတီတာက ပြောကြားသွားပါတယ်။