ဧပြီ၊ ၂၆
ပြည်မြို့၊ ဧရာဝတီမြစ်ကမ်းနား၊ ဘောတံတားအနီးကပြည်ချောင်းသာမှာ ဒီကနေ့ ဧပြီ ၂၆ ရက်ညနေပိုင်းက ကမ်းနားမှာ ရေကစားသူ၆ဦး ရေနစ်ခဲ့ပြီး အဲဒီထဲက ၃ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကလေးငယ်တဦးနဲ့ အမျိုးသားတဦးကတော့သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။
ရေနစ်သူတွေဟာ အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၃ဦးဖြစ်ကြပြီး အဲဒီထဲက အမျိုးသမီး ၃ဦးကိုကယ်ဆယ်နိုင်ခဲ့ပေမယ့် ကလေးငယ်တယောက်နဲ့ အမျိုးသားတဦးကတော့ အလောင်းပြန်တွေ့ခဲ့ပြီးနောက်ထပ်တဦးကတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
“အမျိုးသမီးသုံးယောက်က သတိလစ်နေတာ ဆေးရုံပို့ပေးလိုက်ပြီ ။ ကျန်တဲ့ အမျိုးသားသုံးယောက်ကိုရှာနေတာ ၇နာရီကျော်လောက်မှာ ကလေးတယောက်နဲ့ လူကြီးတယောက်ကို သေဆုံးလျှက်ပြန်တွေ့တယ်။ ကျန်နေသေးတဲ့ တယောက်ကို ဆက်ရှာနေတယ်”လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး ပရဟိတပါရမီအသင်းတာဝန်ရှိသူက DNA ကိုပြောပါတယ်။
အခုလို ရေနစ်သေဆုံးသူတွေဟာ ပြည်မြို့ခံတွေဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။
အခုလိုရေနစ်သေဆုံးမှုဖြစ်တဲ့ မြစ်ကမ်းအနီးနေရာဟာ နှစ်စဉ်ရေနစ်သေဆုံးမှုတွေဖြစ်တဲ့အတွက် ပိတ်ထားတာဖြစ်ပြီး အခုနှစ်သကြန်မှာတော့ စစ်ကောင်စီလက်အောက်ခံတွေက အကွက်ရိုက်ပြီး ပြည်ချောင်းသာဆိုပြီးလုပ်ထားတာဖြစ်တယ်လို့လည်း ဒေသခံတချို့ရဲ့ပြောပြချက်အရသိရပါတယ်။
ဓါတ်ပုံ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ပရဟိတပါရမီ ပြည်