ဗိုးဗြဲမှာ ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီသုံ့ပန်းနှစ်ဦးနဲ့ လက်နက်တွေသိမ်းဆည်းရမိ

ဧပြီ၊ ၂၆

ကရင်နီပြည်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ ဒီနေ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ရာ သုံ့ပန် း(၂) ဦးနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပြီး သေဆုံးမှုများတဲ့ စစ်ကောင်စီစာရင်းကို စိစစ်နေဆဲဖြစ်တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    “သုံ့ပန်း နှစ်ဦးနဲ့ လက်နက်တွေ သိမ်းဆည်းရမိတာကတော့ မှန်ကန်ပါတယ်။ စစ်ကောင်စီသေဆုံးတဲ့ ဦးရေက များပေမဲ့ အတိအကျတော့ စိစစ်နေဆဲဖြစ်ပါတယ်။ မိုးဗြဲမြို့မှာ တပ်မ ၆၆ နဲ့ KNDF နဲ့အတူ အခြားပူးပေါင်းတပ်ဖွဲ့တွေနဲ့ရော ဒါဟာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

တိုက်ပွဲမှာကရင်နီပူးပေါင်းတပ်တွေရဲ့ အကျအဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတော့မသိရသေးသလိုဖမ်းမိတဲ့သုံ့ပန်းနှစ်ဦး၊ လက်နက်ရရှိမှုအပါအဝင် တိုက်ပွဲအသေးစိတ်အချက်အလက်တွေကို မကြာခင်ထုတ်ပြန်မယ်လို့လည်းသိရပါတယ်။

ဒီနေ့ (ဧပြီလ ၂၆ရက်) မနက် ၄ နာရီခန့်က စတင်ပြီး စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ နေလည်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့သာမက လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး တိုက်လေယာဉ်နဲ့ (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ ဒီနှစ်အစပိုင်းကတည်းက တပ်စွဲထားပြီး အဲဒီနေရာတွေမှာ အရပ်သားတွေ မနေထိုင်တော့ဘူးလို့ သိရပါတယ်။

    “တိုက်ပွဲက အခု ခဏငြိမ်ပေမယ့် စိတ်မချရသေးပါဘူး။ စကစဘက်က လေယာဉ်တွေ ၊ လက်နက်ကြီးတွေနဲ့ တဖက်သတ်တိုက်နေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာဖို့ပါပဲ”လို့ KNDF- ဖယ်ခုံတပ်ရင်းက တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ လွိုင်ကော်-ရန်ကုန်ပြေးဆွဲတဲ့ ခရီးသည်တင် ယာဉ်လိုင်း တချို့ဟာ  လွိုင်ကော်- မိုးဗြဲကားလမ်းပေါ်မှာ ပစ်ခတ်ခံရပြီး ခရီးသည်တင် ကားမှာ အနည်းငယ် ပျက်စီးသွားပေမဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိဘူးလို့ သိရပါတယ်။

 မိုးဗြဲမြို့မှာ နံနက်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်ထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့နဲ့ စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ ၊ မိုးဗြဲ- ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုကြဖို့၊ အရေးပေါ် အကူအညီတွေလိုအပ်ပါက လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ကြဖို့ ကရင်နီတော်လှန်ရေး အင်အားစုတွေ ထုတ်ပြန်ထားကြပါတယ်။

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အများအပြား အသုံးပြုကာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ အရပ်သားနေရာတွေကိုပါ ပစ်ခတ်တိုက်ခိုက်လာနေပါတယ်။

 အဲဒီဒေသတွေက တိုက်ပွဲတွေမှာ စစ်ကောင်စီက ထိခိုက်ကျဆုံးမှုတွေ များပြားနေပြီး ကရင်နီပူးပေါင်းတပ်တွေက လက်နက်ခဲယမ်းတွေ မကြာခဏ သိမ်းဆည်းရမိနေပါတယ်။

ဧပြီလ ၂၃ ရက်ကလည်း ဖယ်ခုံမြို့၊ မြောက်စလုံးရွာ တိုက်ပွဲမှာ စစ်ကောင်စီက ၂၀ နီးပါး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ ကို ကရင်နီပူးပေါင်းတပ်ကသိမ်းဆည်းရမိခဲ့ပါသေးတယ်။

Photo မိုးဗြဲPDF