ဧပြီ၊ ၂၆
ဥရောပ ဘောလုံးလောကမှာ အမြင့်ဆုံး လုပ်ခလစာ ကန့်သတ်မှု စည်းမျဉ်းမျိုး သတ်မှတ်ချင်တဲ့ သူ့ရဲ့ စိတ်ကူးကို အသင်းအားလုံးက လက်ခံခဲ့ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ အကြီးအကဲက ပြောကြားသွားခဲ့ပါတယ်။
UEFA ဥက္ကဋ္ဌ အလက်ဇန္ဒား ဆီဖာရင်က ဥရောပ ဘောလုံးကလပ်တွေမှာ လစာ ဖောင်းပွမှု အခြေအနေတွေ မတန်တဆ ဆိုးရွားလာတယ်လို့ ယုံကြည်တာကြောင့် လုပ်ခလစာ ကန့်သတ်ရေး အစီအမံမျိုး ပြဋ္ဌာန်းဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။ အံ့ဩစရာ ကောင်းလောက်အောင်ပဲ အလွှာအသီးသီးက ကလပ်အသင်းတွေဟာ သူ့အဆိုပြုချက်ကို လက်ခံထားကြတယ်လို့လည်း ဆီဖာရင်က ဆိုပါတယ်။
လူတိုင်းက လက်ခံတယ်ဆိုတော့ သူတောင် အံ့ဩသွားမိကြောင်း၊ အသင်းကြီးတွေ၊ အသင်းငယ်တွေ၊ အစိုးရပိုင် ကလပ်တွေ၊ ဘီလီယံနာတွေပိုင်တဲ့ ကလပ်တွေ အားလုံးက လုပ်ခလစာ ကန့်သတ်ရေး ကိစ္စကို သဘောတူ လက်ခံကြတယ်လို့ ဆီဖာရင်က မှတ်ချက် ပေးခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)ရဲ့ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ကလပ်အသင်းတွေမှာ လုပ်ခလစာ ကန့်သတ်ရေး အစီအမံတွေ ကျင့်သုံးတာမျိုး ဖြစ်လာနိုင်ကြောင်း မတ်လတုန်းက အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ သဘောထားကို UEFAကလည်း လက်ခံတယ်ဆိုတာ ဆီဖာရင်က အတိအလင်း ထုတ်ပြောလာ ဖြစ်ပါတယ်။
လုပ်ခလစာ ကန့်သတ်ရေးကို လေးလေးနက်နက် စဉ်းစားသင့်နေပြီဖြစ်ကြောင်း၊ အသင်းတွေရဲ့ လုပ်ခလစာ သတ်မှတ်ချက် ဘတ်ဂျတ်တွေက အရမ်းမြင့်နေပြီဆိုရင် ပြိုင်ပွဲဝင်မှု ဟန်ချက်ပိုင်းအတွက် ပြဿနာတွေ သေချာပေါက် ရှိလာနိုင်ကြောင်း၊ ဒါဟာ အသင်းပိုင်ရှင်တွေ လစာဘယ်လောက် ပေးနိုင်သလဲ ဆိုတဲ့အကြောင်း ပြောနေတာ မဟုတ်ဘဲ ပြိုင်ပွဲတွေရဲ့ တန်ဖိုးအကြောင်း ပြောနေတာဖြစ်ကြောင်း၊ လစာ အများကြီး ပေးနိုင်တဲ့ အသင်း ၅ သင်းလောက်ကပဲ ပြိုင်ပွဲမှာ အမြဲတမ်း ဗိုလ်စွဲနေမယ်ဆိုရင် ဒီအခြေအနေက အဓိပ္ပါယ်လည်း မရှိတော့ကြောင်း ဆီဖာရင်က ထောက်ပြပါတယ်။
ဒါပေမဲ့ လုပ်ခလစာ ကန့်သတ်ရေးကို UEFAအပြင် ဥရောပ ပြင်ပက ဘောလုံးအဖွဲ့ချုပ်တွေပါ စုပေါင်း သဘောတူဖို့တော့ လိုကြောင်း၊ UEFAက ဒီအစီအမံကို ကျင့်သုံးပြီး တခြားပြိုင်ပွဲတွေမှာ မကျင့်သုံးရင်လည်း ပြဿနာ ရှိကြောင်း၊ ဒီကိစ္စ မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ပေါ်လာဖို့တော့ မျှော်လင့်ကြောင်း ဆီဖာရင်က ပြောကြားသွားပါတယ်။
Ref: BBC