ဧပြီ၊ ၂၆
ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ ဂျီရိုနာ တိုက်စစ်မှူး ဗယ်လန်တင် ကက်စ်တယ်လာနော့စ်က တဦးတည်း လေးဂိုးထိ သွင်းယူပြီး အံ့မခန်း ခြေစွမ်းမျိုး ပြသသွားခဲ့ပါတယ်။
လက်ရှိရာသီမှာ ချန်ပီယံဆုကို ခါးသီးပြိုင်ဘက် ဘာစီလိုနာဆီ လွှဲအပ်ပေးရဖို့ သေချာသလောက် ရှိနေတဲ့ ရီးရဲလ်အတွက်တော့ အဝေးကွင်းမှာ စိတ်ပျက်စရာ ရလဒ်ဆိုး တခုကို ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဂိုးသမားနဲ့ တောင်ပံခံစစ် နေရာတွေမှာ အရန်တွေကို အသုံးပြုခဲ့ရတဲ့ ရီးရဲလ် ခံစစ်ကြောင်းဟာ အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားသားရဲ့ အကြိမ်ကြိမ် ဒုက္ခပေးမှုအောက်မှာ အလဲလဲ အပြိုပြို ဖြစ်ခဲ့ရပါတယ်။
၄-၂ နဲ့ ပွဲပြီးသွားရာမှာ ဂျီရိုနာအတွက် ကက်စ်တယ်လာနော့စ် တဦးတည်းက လေးဂိုးလုံး သွင်းခဲ့ပြီး ရီးရဲလ်အတွက် သိက္ခာဆယ် ဂိုးတွေကိုတော့ ဗင်နီးရှပ်စ် ဂျူနီယာနဲ့ လူးကက်စ် ဗက်ဇ်ကက်ဇ်တို့က ရယူပေးခဲ့ပါတယ်။
အခုဆိုရင် ရီးရဲလ်ဟာ တပွဲ ပိုကစားထားလျက်နဲ့ အမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာနောက် ၁၁ မှတ်ထိ ပြတ်ကျန်နေပါပြီ။ ရီးရဲလ်အတွက် အခုရာသီ အဓိက အာရုံစိုက်မှုကတော့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ဖြစ်လာနိုင်ပြီး အင်္ဂလန် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အကြိုဗိုလ်လုပွဲ ကစားဖို့ ရှီနေပါတယ်။
အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း နယူးယောက် စီးတီးကနေ လာလီဂါ တန်းတက်အသင်း ဂျီရိုနာဆီမှာ အငှားလာကစားနေတဲ့ ကက်စ်တယ်လာနော့စ်ဟာ ၇၅ နှစ်အတွင်း လာလီဂါ ပြိုင်ပွဲမှာ ရီးရဲလ်ဖက်ကို ၄ ဂိုး သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ သူဟာ ဒီပွဲ တပွဲလုံးမှာ ဘောလုံးနဲ့ ၁၅ ကြိမ်သာ ထိခဲ့ရာက ဂိုးသမား အန်ဒရီ လူနင်ရဲ့ ဂိုးပေါက်ထဲကို ဘောလုံး ၄ ကြိမ် အရောက်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်ရဲ့ ပွဲထွက် ဂိုးသမား သီဘောက် ကော်တွိုက်စ်ရော၊ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီးမားတို့ပါ ဒဏ်ရာ ပြဿနာတွေကြောင့် မပါနိုင်ခဲ့ပါဘူး။
ဂျီရိုနာရော၊ နယူးယောက် စီးတီးပါ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်မှာ တွေ့ဆုံမယ့် မန်ချက်စတာ စီးတီးရဲ့ လက်ဝေခံ ကလပ်တွေ ဖြစ်ပါတယ်။ သူဟာ မေဂျာလိဂ်မှာ စတင် တောက်ပလာတဲ့နောက် ညီအစ်မ ကလပ်ဖြစ်တဲ့ ဂျီရိုနာဆီ ပြောင်းရွှေ့ပြီး ဥရောပ ထိပ်တန်းလိဂ် တခုရဲ့ အတွေ့အကြုံကို ရယူနေတာပါ။ ဒါပေမဲ့ အငှားသဘောတူညီမှုမှာ ဂျီရိုနာက ကက်စ်တယ်လာနော့စ်ကို အပြီးသတ် ဝယ်ယူဖို့ ကြိုတင် ညှိနှိုင်းထားတဲ့ အချက်တော့ မပါဝင်ပါဘူး။
ကက်စ်တယ်လာနော့စ်ဟာ သူ့ရဲ့ လာလီဂါ ပွဲဦးထွက် ဘောလုံးရာသီမှာတင် စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်မျိုးတွေ ပြသနေပြီး ၂၉ ပွဲ ကစား၊ ၁၁ ဂိုးထိ သွင်းယူထားပြီး ဖြစ်ပါတယ်။
Ref: Marca