သံတောင်ကစစ်ရှောင်တွေအတွက် ဆန်တအိတ် ၂၅၀၀ ကျပ်နှုန်းနဲ့ လိပ်သိုထွေအုပ်တောင်းခံ

ဧပြီ၊ ၂၅
 
ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ ဆန်ရိက္ခာတွေကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးက အကန့်အသတ်နဲ့ သယ်ဆောင်ခွင့်ပေးပြီး ဆန်တအိတ်ကို ၂၅၀၀ ကျပ်နှုန်းနဲ့ အခွန်ခပေးဆောင်မှသာ သယ်ယူခွင့်ပြုတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
 
ဆန်အိတ်သယ်ယူခွင့်အတွက် လိပ်သိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုချက်ရယူပြီး တအိတ်ကို ၂၅၀၀ ကျပ်ပေးဆောင်မှ သယ်ဆောင်ခွင့်ပေးပြီး လူတိုင်းကိုလည်း သယ်ဆောင်ခွင့်မပြုဘူးလို့ စစ်ရှောင်အရေးအကူအညီပေးနေသူတဦးက ပြောပါတယ်။
 
“ အထောက်အကူစားနပ်ရိက္ခာက ခု ညီမတို့သယ်ရင် စီးပွားဖြစ်ရောင်းမယ်လို့ပဲ သဘောထားပြီးသယ်ရတယ်။ ဆန်က သယ်ခွင့် ကန့်သတ်ကြတာမို့၊ လိပ်သို ထွေအုပ်ရုံးမှာ ပါမစ်တစောင်ကို ဆန်အိတ် ၂၀ ပဲရတယ်။ အဲ့တာကုန် ကားအစီးတိုင်းမရဘူး။ ဆန်တအိတ် ၂၅၀၀ ကျပ်ပေးနေရတယ်။ တလလောက်ရှိပြီ ရွာသားတွေ ထွက်ပြေးတဲ့အချိန် ကတည်းကပေါ့ ” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းစတင်ကာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာခံတွေကို PDF တွေဟု စွပ်စွဲပြီး မတရားဖမ်းဆီးသတ်ဖြတ်တာနဲ့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေကြောင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှ ဒေသခံတွေအပါအဝင် သံတောင်မြို့မြောက်ပိုင်းတလျှောက်က ဒေသခံသုံးထောင်ကျော်က ဘေးလွတ်ရာ တောတောင်ဥယျာဉ်ခြံမြေတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
 
“ စစ်ရှောင်တွေက ပဲခူးတိုင်း၊ ရေတာရှည်ဘက်က လူတွေလည်း ရှိတယ်။ ဒီအနီးအနားဝန်းကျင်သူတွေ အားလုံးပေါင်းရင် စပြေးချိန်ကဆို ထောင်ဂဏန်း မပြည့်တပြည့်ပေါ့။ သူတို့ကလည်း သံတောင်မြောက်ဘက်က လိပ်သိုမြို့နယ်ခွဲဘက်ကို ရှောင်လာကြတာပေါ့နော်။ ဘယ်ရွာဘယ်နှစ်ဦးကတော့ တိတိကျကျမသိနိုင်ဘူးပေါ့။ ဒီသံတောင်ဘက်ကလူတွေနဲ့ ပေါင်းရင် သုံးထောင်ကျော်တာပေါ့နော်။ အရင်ကလည်း တိမ်းရှောင်နေတဲ့သူတွေလည်း ရှိတယ်။ ဒီဘက်မှာလေ၊အရည်အတွက် နည်းပါးတယ်။ ရာဂဏန်းလောက်ပဲ ” လို့ စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။
 
ထွက်ပြေးတိမ်ရှောင်းလာကြတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေထိုင်စားသောက်ဖို့အတွက်ကို နယ်မြေခံတွေက ဝိုင်းဝန်းလှူဒါန်း ထောက်ပံ့ပေးခဲ့ပေမယ့် တလနီးပါးကြာလာတဲ့အချိန်မှာတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်ချက်ရှိလာတယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် လိုအပ်လာတဲ့ ဆေးဝါး၊ စားနပ်ရိက္ခာတွေကို မြို့တက်ပြီး ဝယ်ယူရာမှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေထံ ခွင့်ပြုချက်ယူရတာနဲ့ အကန့်အသတ်နဲ့ သယ်ယူနေရတဲ့အခြေအနေတွေ ကြုံတွေ့လာရတာဖြစ်တယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေက ဆိုပါတယ်။
 
ဒါ့အပြင် ဆေးဝါး၊ ဆန်နဲ့ အစားသောက် သယ်ယူပို့ဆောင်တဲ့အခါမှာလည်း စစ်ကောင်စီလက်အောက်ခံ ဂိတ်စခန်းတွေကို ငွေကြေးပေးရတာတွေရှိနေပြီး တောင်ငူမြို့ကနေ လိပ်သိုမြို့ဘက်က စစ်ရှောင်စခန်းတွေဆီအရောက် ဆန် ၆ အိတ်သယ် မယ်ဆိုရင် ကုန်ကျစရိတ် ၅ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။
 
“ သယ်တဲ့ လမ်းတလျှောက်လည်း ဂိတ်ကြေးတချို့ပေးရတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေပေါ့။ တောင်ငူကနေ လိပ်သို အထိ ဆန် ၆ အိတ်နဲ့ ရိက္ခာလေးနည်းနည်း ၄ သောင်းကျော်၊ ၅ သောင်းလောက်ကျပါတယ်။ လိပ်သိုအထိ ပစ္စည်းရောက်ရင် တခါကယ်ရီခေါ်ရ၊ အဆင့်ဆင့်ပဲ ကားနဲ့ ဆိုင်ကယ်နဲ့ သယ်ရတာ မလွယ်ဘူး။ စစ်ရှောင်တွေအတွက် တကယ်လိုအပ်နေလို့ပါ။ ဆေးဝါးတွေဆိုလည်း အများကြီး မပေးသယ်ဘူး။ နည်းနည်းပဲ ရတယ်။ စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက်ကတော့ အဆင်ပြေသလိုပဲ စောင့်ရှောက်မှုပေးနေရတယ်ပေါ့။ ကြန့်ကြာမှုတွေကလည်း ရှိနေတော့ လိုအပ်ချက်တွေက ရှိနေတုန်းပဲ ” လို့ ပြောပါတယ်။
 
စစ်ဘေးရှောင်နေကြတဲ့ အရပ်သားတွေထဲက အနည်းစုဟာ မိမိဒေသမှာ တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်သွားတာကြောင့် နေရပ်ကို ပြန်သွားကြသူများရှိပေမယ့် အများစုကတော့ ယာယီစစ်ရှောင်စခန်းနဲ့ တောတောင်ဥယာဉ်ခြံမြေတွေထဲမှာ တိမ်းရှောင်နေကြဆဲ ဖြစ်တယ်လို့ ရေတာရှည်မြို့နယ်မှ သံတောင်ဘက်ကို စစ်ရှောင်လာတဲ့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
 
“ ပြန်ပြီတချို့ကလေ။ ကျွန်တော်တို့က ကျန်နေတုန်းပဲလေ။ နည်းနည်းပဲ ပြန်ကြတယ်။ သူတို့ရွာမှာ တိုက်ပွဲမဖြစ်တော့ဘူးပြောတယ်။ အဲဒါကြောင့်ပြန်သွားတယ်။ ဒီမှာတော့ အများကြီးကျန်နေကြသေးတယ်။ ကျွန်တော်က ကြောက်နေသေးတယ်။ မပြန်ရဲသေးဘူး၊ ရွာတွေဘက်မှာ သူတို့ အမြဲတမ်းလက်နက်ကြီးတွေ ပစ်နေတာလေ ” လို့ ပြောပါတယ်။
 
လက်ရှိ သံတောင်မြောက်ပိုင်း (အထူးဒေသ)မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ အလျင်းသင့်ရင် သင့်သလို စစ်ကြောင်းထိုး ဝင်ရောက်မှုတွေရှိနေပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ အချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် အရပ်သားတွေအနေနဲ့ သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးထုတ် ပြန်ထားပါတယ်။ 
ဓာတ်ပုံ – ThandaungMupoe and KIC