စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတဲ့ မံဟဲရွာသားငါးဦး ရုပ်အလောင်း တလကြာမှတွေ့

ဧပြီ၊ ၂၅
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မံဟဲရွာကနေ စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မံဟဲရွာသားငါးဦးရဲ့ ရုပ်အလောင်းတွေကို မော်လူးမြို့အရှေ့တောင်ဘက်တောထဲမှာ ဧပြီလ ၂၄ ရက် မနေ့က တွေ့ရှိရတယ်လို့ အင်းတော်ရီဗော်လူးရှင်းဆီက သိရပါတယ်။
 
” အဲ့ဒီငါးယောက်ကို စစ်ကြောင်းက ဖမ်းသွားတာ။ ဖမ်းသွားတဲ့စစ်ကြောင်းက အင်းတော်ဘက်ကို ပြန်ဆင်းလာတာမှာ အဲ့ဒီပြည်သူငါးဦးက ပါမလာခဲ့တော့ဘူး။ မနေ့ကမှ သူတို့ရုပ်အလောင်းတွေကို တွေ့ရတာ” လို့ အင်းတော်ရီဘော်လူးရှင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ရုပ်အလောင်းတွေဟာ အပိုင်းပိုင်းခုတ်ဖြတ်ပြီး မီးရှို့ခံထားရတဲ့ပုံစံရှိတယ်လို့ ပြောပေမယ့် ဘယ်အချိန်ကတည်းက သေဆုံးနေတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
 
” မိသားစုဝင်တွေလည်း သိကြပါပြီးပြီဗျ။ အလောင်းရုပ်ကြွင်းနေတဲ့ဟာတွေကိုလည်း သဂြိုဟ်ပြီးပါပြီ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ရုပ်အလောင်းတွေကို တွေ့ရှိတဲ့နေရာဟာ မံဟဲရွာနဲ့ ကားလမ်းအတိုင်းဆိုရင် ရှစ်မိုင်ဝန်းကျင်လောက်ဝေးပြီး ဒေသခံအရပ်သားတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
” သူတို့ကိုဖမ်းဆီးသွားပြီး နှစ်ရက်အကြာမှာ စစ်ကောင်စီရဲ့ တယ်လီဂရမ်ကနေ တိုက်ပွဲဖြစ်လို့ ပြည်သူငါးယောက်သေတယ်ဆိုပြီး သတင်းတက်တယ်။ အဲ့ဒီကတည်းက သူတို့ဆိုတာ သိပေမယ့် body တွေက မတွေ့ရဘူး။ အဲ့ဒီနေ့ကလည်း တိုက်ပွဲဖြစ်တာမရှိဘူး” လို့ အင်းတော်ရီဗော်လူးရှင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ ဖမ်းဆီးသွားတဲ့ပြည်သူ ငါးဦးကိုသတ်ဖြတ်ခဲ့ပြီး သတင်းတင်ကာ ကြိုတင်ကာဗာယူထားတာဖြစ်တယ်လို့လည်း ဒေသခံတဦးက ဆိုပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ မံဟဲရွာသားငါးဦးဟာ အသက် ၂၅ နှစ်အရွယ် ကိုညီညီ၊ အသက်၂၅ နှစ်အရွယ် ကိုလောရှုပ်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မင်းသိုက်နဲ့ ကိုနေလင်းထွန်း၊ အသက် ၄၈ နှစ်အရွယ် ကိုဖိုးရှမ်း တို့ဖြစ်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးရာမှာ လူသားဒိုင်းအဖြစ် အရပ်သားတွေကို မကြာခဏဖမ်းဆီးခေါ်ဆောင်လေ့ရှိသလို သတ်ဖြတ်ထားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။
အနီးဆုံးအနေနဲ့ ပြီးခဲ့တဲ့ မတ်လဆန်းက စစ်ကိုင်းမြို့၊ တာတိုင်ကျေးရွာက အရပ်သား ၁၅ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ သတ်ပစ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။
 
ဒါ့အပြင်စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မုံရွာဖက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လူသားဒိုင်းအဖြစ် ဖမ်းလာတဲ့သူ ငါးဦးထဲက သုံးဦးကို သတ်ခဲ့ပါသေးတယ်။
 
စစ်ကောင်စီအာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်အထိ အရပ်သား ၃၄ ၃၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – အင်းတော်ရီဗော်လူးရှင်း