ဖယ်ခုံ၊ ဆောင်းဖွေးရွာက လူထုအခြေပြုဆေးပေးခန်းကို ဗုံးကြဲလို့ ဆေးကုနေသူသုံးဦး ဒဏ်ရာရပြီး တဦးစိုးရိမ်ရ

ဧပြီ၊ ၂၅
 
ကရင်နီ (ကယား)ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အနောက်ခြမ်း ဆောင်းဖွေးကျေးရွာက လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတခုကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရပြီး တဦးအသက်အန္တာရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
 
တိုက်ပွဲဖြစ်နေတာမရှိတဲ့ ဖယ်ခုံမြို့အနောက်ခြမ်းကို စစ်ကောင်စီက ဒီကနေ့ နေ့လယ် တနာရီဝန်းကျင်မှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရပ်သားတွေသာရှိတဲ့ ဆောင်းဖွေးရွာ ဆေးရုံကို လေယာဉ်နဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
“ အဆောက်အဦ တော်တော်များများလည်း ပျက်စီးသွားတယ်၊ ဆေးကုသနေတဲ့ ပြည်သူတချို့လည်း ထိခိုက်မှုရှိပါတယ်၊ ဖယ်ခုံမြို့နယ်မှာက ဒီရက်ရှေ့တရက်မှာ စစ်ကောင်စီက အထိနာတယ် ကြားတယ်၊ အဲဒါနဲ့ ရှေ့ဘက်ခြမ်းကို မနိုင်တာနဲ့ အနောက်ခြမ်းက ဆေးရုံကို လာကြဲတဲ့သဘောပါ ” လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆေးရုံဟာ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ အဓိကအားထားနေကြတဲ့ ဆေးရုံဖြစ်ပြီး တိုက်ခိုက်ခံရချိန်မှာလည်း အရပ်သားတွေ၊ စစ်ဘေးရှောင်တွေ ရှိနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။
 
လတ်တလောရက်ပိုင်းအတွင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက အထိနာတဲ့အတွက် ဖယ်ခုံမြို့အနောက်ခြမ်းကို လာရောက်ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ယူဆကြပါတယ်။
 
ဆောင်းဖွေးကျေးရွာရှိ လူထုအခြေပြု ကိုယ်ထူကိုယ်ထဆေးခန်း တိုက်ခိုက်ခံရမှုမှာ ဆေးပေးခန်း အဆောက်အဦး နှစ်လုံး၊ ဆေးခန်းတွင်းက ကုသရေးဆိုင်ရာ ဆေးပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ ကားတချို့ ထိခိုက်ပျက်စီးတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။
 
KNDF က ဆေးခန်းလို့ ဖော်ပြထားပြီး ဒေသခံတွေက ဆေးရုံလို့ပြောကြတဲ့ အဲ့ဒီနေရာဟာ ကျေးရွာဒေသခံနဲ့ စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဘော်လခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာအနီးမှာလည်း ဧပြီလ ၂၃ ရက် ညပိုင်းက တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံး ကြဲချတဲ့အတွက် နေအိမ်တလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီဟာ ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေမှာ နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေ ခိုလှုံရာ နေရာတွေကိုပါ တိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင်ကူညီသူတွေက ဝေဖန်ထားကြပါတယ်။
 
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ကျူးလွန်ခဲ့သလို အခုနှစ်ဆန်းကစလို့ ဆေးရုံ၊ ဆေးခန်းတွေအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ပိုမိုကျူးလွန်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဆိုထားပါတယ်။
 
စစ်ကောင်စီဟာ အခုလ ပထမ ၁၈ ရက်အတွင်း ထီးချိုင့်၊ ရွှေကူ၊ မြိုင်နဲ့ ရှမ်းကယားနယ်စပ်ရှေ့တန်းတနေရာ ကျန်းမာရေးဆိုင်ရာ နေရာလေးခုကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ NUG က ပြောပါတယ်။ 
ဓာတ်ပုံ – KNDF