မန္တလေးမြို့မှာ ကားတစီးပေါက်ကွဲမှုဖြစ်၊ ယာဉ်မောင်းသေဆုံး

ဧပြီ၊ ၂၅

 
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ဧရာဝတီမြစ်တာရိုးပေါ် စစ်ကိုင်း-မန္တလေးသွားကားလမ်းမပေါ်မှာ မော်တော်ယာဉ်တစီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားမောင်းလာတဲ့ အမျိုးသားတဦး သေဆုံးတယ်လို့ စစ်အုပ်နဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေက DNA အတည်ပြုပြောဆိုပါတယ်။
 
ဒီကနေ့ နေ့ခင်း ၂ နာရီကျော်လောက်မှာ ဇီဝိတဒါန သံဃာ့ဆေးရုံအနီးမှာ မြောက်ဖက်မှ တောင်ဖက်သို့ မောင်းနှင်းလာတဲ့ မော်တော်ယာဉ်တစီး ပေါက်ကွဲမှုဖြစ်ပေါ် ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကားတစီးလုံး ပျက်ဆီးသွားတယ်လို့ အဲဒီအနီးနားက ဒေသခံတွေက ပြောပါတယ်။
 
” အစတုန်းက အသံပဲကြားတာ အတော်ကျယ်တယ်။ အိမ်တွေလည်း တုန်သွားတယ်။ ဗုံးကွဲတာလို့ပဲ ထင်တာပေါ့။ နောက်မှသိရတာက ကားပေါက်ကွဲသွားတာပါ။ စစ်တပ်ကကောင်တွေလည်း အဲနားရောက်ပြီး စစ်တာဆေးတာတွေ လုပ်နေကြပါတယ် ” လို့ သူကပြောပါတယ်။
 
ပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားတဲ့ ကားအမျိုးအစားက Isuzu အမျိုးအစား အဖြူရောင်ဖြစ်ပြီး ကားနံပါတ်က 5C-6080 ဖြစ်တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေက ဆိုပါတယ်။
 
ဒါ့အပြင် အဲဒီကားပေါက်ကွဲမှုကြောင့် အနီးနားရှိမော်တော်ယာဉ်တစီးလည်း ထိခိုက်ပျက်ဆီးခဲ့သလို ယာဉ်မောင်းလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
 
အဲဒီကားပေါက်ကွဲမှုဖြစ်စဉ်က မန္တလေးမြို့မှာ သင်္ကြန်ကာလအပြီး ပထမဆုံးပေါက်ကွဲမှုဖြစ်ပြီး ကားပေါက်ကွဲမှုဖြစ်စဉ် အသေးစိပ်ကိုတော့ DNA က ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် စစ်အုပ်စုဖက်ကတော့ အဲဒီကားပေါက်ကွဲမှုဖြစ်စဉ်က မိုင်းသယ်လာရင်းဖြစ်တာလို့ သတင်းဖြန့်နေပါတယ်။ 
ဓာတ်ပုံ – CJ