ဧပြီ ၊ ၂၅
မြန်မာ့အရေးမှာ ရေရှည်တည်တံ့မယ့်အဖြေတခုအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ အရေးပါတဲ့အကြောင်းကိုမစ္စတာဘန်ကီမွန်းက အလေးအနက်တိုုက်တွန်းပြောကြားခဲ့တယ်လို့ The Elders အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုုပ်ဟောင်းလည်းဖြစ်ပြီး The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်းဟာ နေပြည်တော်ရဲ့ ဖိတ်ကြားချက်အရ နှစ်ရက်တာ မြန်မာပြည်ခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့နဲ့ တွေ့ဆုံရာမှာတိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ ‘’ကျွန်တော်မြန်မာပြည်ကို သွားတယ်ဆိုတာ စစ်တပ်ကို အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးနဲ့ စတင်ဖို့ တိုက်တွန်းဖို့ဖြစ်ပါတယ်’’ လို့ ဘန်ကီမွန်းက ပြောပါတယ်။
အကြမ်းဖက်မှုတွေအဆုံးသတ်နိုင်ဖို့နဲ့ငြိမ်းချမ်းပြီးအားလုံးပါဝင်တဲ့ တရားဝင်ဒီမိုကရေစီအစိုးရတရပ်ထူထောင်နိုင်မယ့် လမ်းကြောင်းတရပ်ရှာဖွေပေးဖို့ လာရောက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ နေပြည်တော်က တွေ့ဆုံပွဲတွေမှာဘန်ကီမွန်းဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကိုအကောင်အထည်ဖော်ရာမှာတိုးတက်မှုရှိအောင်ဆောင်ရွက်ဖို့ အလေးအနက်ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
‘’ကျွန်တော့်ရဲ့ တွေ့ဆုံမှုတွေဟာ စူးစမ်းတဲ့ အနေအထားပါ။ ကျွန်တော်ဟာ မြန်မာပြည်သူတွေသူတို့ထိုက်တန်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့ လွတ်လပ်မှုရအောင်ကူညီနိုင်ဖို့ တက်နိုင်သလောက်ကြိုးစားသွားမယ်’’လို့ ဘန်ကီမွန်းက ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာဘန်ကီမွန်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ခြင်းလွှတ်ဖို့၊အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေလုပ်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့တွေအကြမ်းမဖက်ကြဖို့တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ဘန်ကီမွန်းဟာမကြာသေးခင်က ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ရှုတ်ချတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။ ရွေးကောက်ပွဲကိုလည်းလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့အချိန်မှသာကျင်းပဖို့နဲ့ လက်ရှိအခြေအနေမှာရွေးကောက်ပွဲကျင်းပတာဟာ အကြမ်းဖက်မှုတွေနဲ့ ကွဲပြားမှုတွေကို ပိုဖြစ်စေမှာဖြစ်ပြီး ရလဒ်ကို မြန်မာပြည်သူတွေ၊ အာဆီယံနဲ့ ပိုကျယ်ပြန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ မစ္စတာဘန်ကီမွန်းနဲ့ စစ်ခေါင်းဆောင်တို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သတ်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပေမယ့် သမ္မတဟောင်းဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကိုတော့ အသေးစိတ်မပြောပါဘူး။ ဒါပေမယ့် အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့တောင်းဆိုမယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။
မစ္စတာဘန်ကီမွန်းဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ပါတွေ့ဆုံခဲ့ပါသေးတယ်။ ကမ႓ာ့ခေါင်းဆောင်ဟောင်းတွေ၊ လူ့အခွင့်အရေးပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲံ The Elders အဖွဲ့ ဒုတိယဥက္ကဌ မစ္စတာဘန်ကီမွန်းဟာ စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်က လာရောက်ဖို့တောင်းဆိုခဲ့ပေမယ့် အဲဒီအချိန်က စစစ်ကောင်စီက ငြင်းပယ်ခဲ့ပေမယ့် အခုအချိန်မှာ ဖိတ်ခေါ်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမပျက်စီးအောင် ကာကွယ်ဖို့အတွက် စစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ဖိအားတွေပေးဖို့ The Elders အဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇွန်လက ကြေညာချက်ထုတ်ပြန်တိုက်တွန်းတာတွေ ဆောင်ရွက်ခဲ့ပါသေးတယ်။