Arcturus မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်သစ်ကို WHO အလေးအနက် စောင့်ကြည့်နေ

ဧပြီ၊ ၂၅

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် Arcturusကို စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ဗိုင်းရပ်စ် မျိုးကွဲတခုလို့ သတ်မှတ်ပြီး လေ့လာနေတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

 ဗိုင်းရပ်စ်ဆိုင်ရာ သုတေသီတွေက အဲဒီ မျိုးကွဲသစ်ကို Omicronရဲ့ နောက်ဆက်တွဲ ဆင့်ပွားအမျိုးအစား တခုအဖြစ် XBB.1.16လို့ နာမည်ပေးထားပါတယ်။ အခုဆိုရင် XBB.1.16ဟာ အရင်က နိုင်ငံတချို့မှာ အဓိက လွှမ်းမိုး ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ XBB.1.5ရဲ့ နေရာမှာ ပီပီပြင်ပြင် အစားထိုးလာနေပြီလို့ ဆိုပါတယ်။

 XBB.1.16နဲ့ XBB.1.5တို့ကြားမှာ ဖွဲ့စည်းပုံအရ ကွဲပြားတဲ့ သွင်ပြင်လက္ခဏာ နှစ်ခု ရှိပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ XBB.1.16ကို မြောက်ကမ္ဘာခြမ်းမှာ အလင်းလက်ဆုံး တွေ့မြင်နိုင်တဲ့ ကြယ်ဖြစ်တဲ့ Arcturusရဲ့ နာမည်နဲ့ ရည်ညွှန်း သုံးစွဲနေကြပါတယ်။

 WHOရဲ့ အဆိုအရ Arcturusဟာ လောလောဆယ် အိန္ဒိယမှာ ကူးစက်နှုန်း အဓိက အမြင့်ဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာကြောင်း သိရပါတယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံပေါင်း ၃၂ ခုထိ အဲဒီ ဗိုင်းရပ်စ် ပျံ့နှံ့ ရောက်ရှိနေပါပြီ။

 လက်ရှိ အခြေအနေအရ Arcturus ကူးစက်ခံရတဲ့ လူနာ အများစုဟာ အပျော့စား ဖျားနာမှု ဝေဒနာလောက်ကိုသာ ခံစားရတာကြောင့် ယေဘုယျအားဖြင့် ကြီးမားတဲ့ ခြိမ်းခြောက်မှု မရှိဘူးလို့ WHOက ယူဆထားပါတယ်။ ဒါပေမဲ့ Arcturusဟာ ကူးစက်နှုန်း မြန်ဆန်တဲ့အပြင် XBB.1.5 ကူးစက် ခံရဖူးတဲ့ လူနာတွေမှာ ရရှိထားတဲ့ ကိုယ်ခံအားကိုပါ ကျော်လွှားနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

 မျိုးကွဲသစ် ဗိုင်းရပ်စ်ကို အလေးအနက် စောင့်ကြည့် လေ့လာနေတဲ့ လန်ဒန်ကောလိပ် တက္ကသိုလ်က မျိုးဗီဇ သုတေသီ ဖရန်ဆွာ ဘော်လော့စ်က ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သေနှုန်း အရမ်းမြင့်တဲ့ နောက်ထပ် ကူးစက်မှုလှိုင်းတွေ ဖြစ်ပေါ်လာနိုင်ခြေ မရှိသလောက် နည်းမယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ WHOကတော့ XBB.1.16ဟာ စောင့်ကြည့်သင့်တဲ့ မျိုးကွဲ တခုအနေနဲ့ သတ်မှတ်ရမယ့် အဆင့်ကို ရောက်လာနေတယ်လို့ ပြောပါတယ်။

 အခုဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ XBB.1.16 တဖြစ်လဲ Arcturusကြောင့်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ လောလောလတ်လတ် XBB.1.5 ကူးစက်ခံရတဲ့ လူနာတွေပါ နောက်ထပ် ကူးစက်ခံရတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လူနာအားလုံးဟာ ခပ်ပျော့ပျော့ အဖျားမျိုးလောက် ခံစားပြီး သက်သာလာတာကြောင့် WHOက ဒီဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ အရမ်း အန္တရာယ် ပေးနိုင်တဲ့ အဆင့်မျိုး မဟုတ်ဘူးလို့ ယေဘုယျ ယူဆထားတာပါ။

 ဒါပေမဲ့ နိုင်ငံအလိုက် ဒီဗိုင်းရပ်စ်ကို စောင့်ကြည့် လေ့လာနေတဲ့ ပညာရှင်တွေ အနေနဲ့ ရရှိထားတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို အပြန်အလှန် ဝေမျှကြဖို့ WHOက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါ ပြင်းထန်နိုင်ခြေနဲ့ ပတ်သက်လို့လည်း မပေါ့ဆဘဲ အချိန်နဲ့ တပြေးညီ စောင့်ကြည့်ကြဖို့လည်း နိုင်ငံအသီးသီးက ကျန်းမာရေး အာဏာပိုင်တွေကို WHOက နှိုးဆော်ထားပါတယ်။