ဧပြီ၊ ၂၅
တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ ယာယီ မန်နေဂျာ ခရစ္စတီယန် စတယ်လီနီဟာ အသင်းကို ၄ ပွဲသာ ကိုင်တွယ် ခံရပြီးချိန်မှာ ထုတ်ပယ် ခံလိုက်ရပါတယ်။
တော့တင်ဟမ်ဟာ ကစားသမားတွေနဲ့ လူသိရှင်ကြား ပြဿနာတွေ ဖြစ်ခဲ့တဲ့ မန်နေဂျာ အန်တိုနီယို ကွန်တီကို ထုတ်ပယ်ပြီးတဲ့နောက် စတယ်လီနီကို ယာယီ မန်နေဂျာ တာဝန် ပေးအပ်ထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် စတယ်လီနီဟာ နယူးကာဆယ် ယူနိုက်တက်ကို ၆-၁ နဲ့ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ပယ် ခံခဲ့ရတာပါ။
လန်ဒန်ကလပ်ရဲ့ ဥက္ကဋ္ဌ ဒန်နီရယ်လ် လီဗိုင်းက အဲဒီပွဲစဉ်မှာ အသင်းရဲ့ ကစားပုံဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့ပါတယ်။
အသင်းက စတယ်လီနီကို ထုတ်ပယ်ခဲ့တဲ့နောက် ရိုင်ယန်မေဆန်က တော့တင်ဟမ်ရဲ့ နောက်ထပ် ယာယီ မန်နေဂျာအဖြစ် ဆက်ခံခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မှာ ဟိုဆေးမော်ရင်ဟို ထုတ်ပယ်ခံရတဲ့ အချိန်ကလည်း တော့တင်ဟမ်ရဲ့ ယာယီ မန်နေဂျာအဖြစ် ရေတို တာဝန်ယူခဲ့ဖူးပါတယ်။
တော့တင်ဟမ်ဟာ လောလောဆယ် အမှတ်ပေးဇယား အဆင့် ၅ မှာ ရှိနေပြီး ရာသီကုန်မှာ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ရရေးအတွက် ထိပ်ဆုံး ၄ နေရာ ဝင်ရောက်ခွင့်အတွက် အတော်လေး ရုန်းကန်နေရပါတယ်။ တော့တင်ဟမ်ဟာ စတယ်လီနီ ကိုင်တွယ်တဲ့ ၄ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၂ ပွဲ ရှုံးခဲ့ပါတယ်။
အခုတော့ အသက် ၃၁ နှစ်သာ ရှိသေးတဲ့ မေဆန်ဟာ ရာသီကုန်ထိ အသင်းရဲ့ လက်ကျန် ၆ ပွဲကို တာဝန်ယူ ဦးဆောင်သွားတော့မှာပါ။ ဥက္ကဋ္ဌ လီဗိုင်းက မေဆန်ဟာ အသင်းနဲ့ ကစားသမားတွေအကြောင်း ကောင်းကောင်း နားလည်ထားသူ ဖြစ်တာကြောင့် တော့တင်ဟမ်ကို အတိုင်းအတာ တခုထိ ပဲ့ကိုင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
လောလောဆယ်မှာတော့ တော့တင်ဟမ်ဟာ အမြဲတမ်း မန်နေဂျာ ရာထူးအတွက် လူသစ်တဦးကို လိုက်ရှာနေပါတယ်။ တော့တင်ဟမ်ဟာ ၂၀၁၉ မှာ မော်ရစ်စီယို ပိုချက်တီနိုနဲ့ လမ်းခွဲခဲ့တဲ့ နောက်ပိုင်း စတုတ္ထမြောက် အမြဲတမ်း မန်နေဂျာသစ် ခန့်အပ်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။