ဧပြီ၊ ၂၄
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း သပြေအေးကျေးရွာနဲ့ဝါးတောကျေးရွာတွေ ကို စစ်ကောင်စီတပ်နဲ့သစ်ချိုကုန်း၊ပင်တောင်နဲ့ဝန်ခြုံးရွာက ပျူစောထီးတွေပူးပေါင်းပြီးဒီကနေ့မနက်ပိုင်းမှာပဲမီးတင်ရှို့ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲနဲ့အခုလိုစစ်ကောင်စီတပ်အချို့နဲ့ အရပ်ဝတ်လက်နက်ကိုင်အဖွဲ့တွေဟာ ဝင်ရောက်မီးတင်ရှို့တာကြောင့် ယာတဲ ၄၀ နီးပါးနဲ့ လူနေအိမ်ခြေ အပါအဝင် ၅၀ နီးပါးလောက်မီးလောင်ဆုံးရှူံးခဲ့ရတယ်လို့သိရပါတယ်။
“ဒေသခံတွေ့ အားလုံးက ရွာနဲ့ဝေးတဲ့နေရာမှာ ရှောင်တိမ်းနေရတယ်ဗျ။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးဗျ။သက်သက်မဲ့ရွာကို မီးလာရှို့တာဗျ။တောတဲ ၄၀ နီးပါး မီးရှို့ပျက်စီးခဲ့တယ် “လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
အဲ့ဒီလိုဝင်ရောက်မီးတင်ရှို့ခဲ့တာကြောင့် သပြေအေးကျေးရွာနဲ့ဝါးတောကျေးရွာကအရပ်သား၄၀၀ နီးပါးလောက်ဟာ တောတဲတောင်ထဲတွေမှာထွက်ပြေးတိမ်းရှောင်နေကြရပေမယ့်ဖမ်းဆီးခံရတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။
” အညာဒေသမှာ လူနေအိမ်တွေ့ကိုပဲ မီးရှို့ဖျက်ဆီးလို့ရမယ် ။တော်လှန်နေတဲ့စိတ်ဓာတ်တွေကိုတော့ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာမဟုတ်ဘူးလို့ ။ပေါက်တောင်ပိုင်းမှာက ကျွန်တော်တို့ပြည်သူကာကွယ်ရေးအဖွဲ့တွေ့က နယ်မြေကို ရှစ်ဆယ်ရာခိုင်နှုန်း လောက် စိုးမိုးထားတယ်ဗျ ။သူတို့က အင်အားများမှပဲ စစ်ကြောင်းထိုးတော့တာ”လို့ Successful Force -Paukမှတာဝန်ရှိသူတဦးဖြစ်တဲ့ကိုလိပ်ပြာကပြောပါတယ်။
လက်ရှိမှာတော့စစ်ရှောင်ပြည်သူတွေအနေနဲ့အရေးပေါ်စားနပ်ရိက္ခာနဲ့ဆေးဝါးတွေအဓိကလိုအပ်နေဆဲဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီးတပ်တွေဟာအဲ့ဒီ့ရွာတွေနားကသစ်ချိုကုန်းရွာမှာဆက်လက်တပ်စွဲနေတဲ့အတွက်ပြန်လည်ဝင်ရောက်ဖို့စိုးရိမ်နေကြရတယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့်လူမှု့ကွန်ယက်စာမျက်နှာတွေမှာတော့ဧပြီလ၂၂ရက်ကပေါက်မြို့နယ်၊ တရော်ကိုင်းကျေးရွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပါဲမှာလက်လုပ်သေနတ်နဲ့တဲအချို့သိမ်းဆည်းရမိတယ်လို့သတင်းတွေထုတ်ပြန်နေပေမယ့်ဒီကိစ္စကိုပေါက်မြို့နယ်အခြေစိုက်ကာကွယ်ရေးတပ်တွေဖက်ကတော့ငြင်းဆိုထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းချိန်ကနေစပြီး ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်အထိကာလအတွင်း စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိတိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA ) ထုတ်ပြန်ထားပါတယ်။
နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါးအကူအညီလိုအပ်နေတဲ့ သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း ဆိုပါတယ်။