နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးပြီးလက်မှတ်ပြန်လည်စစ်ဆေး

ဧပြီ ၊၂၄

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော်နေပြည်တော်ရဲ့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်ရောဂါပိုး တတိယအကြိမ်ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံကဒ်ပြားများကို ဧပြီလ ၂၃ ရက်နေ့မှ စတင်ပြီး ပြန်လည်စစ်ဆေးနေတယ်လို့ ခရီးသွားတွေနဲ့ အဝေးပြေးယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကနေ ယခုလ (၂၂)ရက်နေ့ ကိုဗစ်(၁၉)ရောဂါပိုး စစ်ဆေးချက်အရ တနေ့ထဲ (၄၆)ဦးအထိ ရောဂါပိုးတွေ့ရှိပြီး ၂၇ ဦးက ပြည်တွင်းကူးစက်မှုဖြစ်တယ်လို့  သတင်းထုတ်ပြန်ထားအပြီးမှာ စစ်ဆေးမှုတွေပြန်လည်ပြုလုပ်နေတာဖြစ်ပါတယ်။

“ကြိုတင်ကြေငြာထားတာမရှိတော့ မပါဘူးလေ ။ဂိတ်မှာ လက်မှတ်ဖြတ်တော့လည်း မပြောဘူး ။မှတ်ပုံတင်ပါရင်ရတယ်ဆိုတော့ လိုက်လာတာ။ တောင်းပန်ပြီး ပိုက်ဆံ နှစ်ထောင်ပေးလိုက်မှရတယ်’; လို့ရန်ကုန်ကနေ နေပြည်တော်ကိုုပြန်လာတဲ့ ခရီးသွားတဦးကပြောပါတယ်။

ဒါပေမယ့်စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ နေပြည်တော်ကောင်စီက တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

“ကျွန်မတို့ဆီတော့အဲလိုညွှန်ကြားချက်မရောက်သေးပါဘူး။မှတ်ပုံတင်ပါရင်လက်မှတ်ဖြတ်လို့ရပါတယ်”လို့ နေပြည်တော်အခြေစိုက်ယာဉ်လိုင်းတခုကပြောပါတယ်။

မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်နဲ့ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးပြီးကြောင်း သက်သေခံကဒ်ပြားများ စစ်ဆေးနေပြီး မထိုးရသေးသောသူနဲ့ ကဒ်ပြားမပါရှိသူတွေကို ဒဏ်ငွေ နှစ်ထောင် ဒဏ်ကြေးရိုက်တယ်လို့ သိရပါတယ်။

“ဂိတ်တွေကို အကြောင်းကြားထားတာတော့မရှိဘူးဗျ။ မှတ်ပုံတင်ပါမှ လက်မှတ်ရောင်းရမယ်ဆိုတာတော့ အာဏာသိမ်းပြီးထဲက အဝေးပြေးယာဉ်လိုင်းတွေကို ညွှန်ကြားထားတာတော့ရှိတယ်။ တတိယလှိုင်းဖြစ်တုန်းကတော့ ကိုဗစ်ဆေးထိုးပြီးကြောင်း ကဒ်ပြားတွေစစ်တယ် ။အခုရက်မှ ပြန်စစ်တော့ မပါတဲ့သူကများတယ်’’ လို့အဝေးပြေးယာဉ်မောင်း တဦးက ပြောပါတယ်။

ဧပြီလဆန်းမှ စတင်ကာ ပြည်တွင်းမှာ  ကိုဗစ်ရောဂါကူးစ က်မှု မြင့်တက်လာတဲ့အတွက် ကိုဗစ် မျိုးဗီဇပြောင်းပိုး XBB.1.16 ကို ကြိုတင်ကာကွယ်ဖို့လိုအပ်တယ်လို့စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ ဧပြီ လ (၁၉) ရက်ကနေတပတ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုသူ (၁၇၀) ကျော်အ ထိ ရှိပြီး ထက်ဝက်နီးပါးဟာ ပြည်တွင်းကူးစက်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအပြီးကိုဗစ်ရောဂါပိုး ကူးစက်မှု မြင့်တက်လာပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ဧပြီလအတွင်း ကိုဗစ်(၁၉)မျိုးကွဲအသစ် XBB.1.16 အမျိုးအစား ကူးဆက်ခံရသူ ၂ရဦးထိရှိပြီဖြစ်ပြီး ၁ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနမှာ ဖော်ပြထားပါတယ်

ဧပြီလ ၁၈ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ရှိ နေအိမ်တလုံးမှာ မြန်မာနိုင်ငံသား အလုပ်သမားတဦး သေဆုံးမှူကို စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုးကူးစက်မှုရှိတယ်ဆိုတာစစ်ဆေးတွေ့ရှိခဲ့တယ်လို့သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာကိုဗစ်ရောဂါစတွေ့ပြီး နောက် နေပြည်တော်က အစိုးရဝန်ထမ်းတွေအစုလိုက်အပြုံလိုက်ကူးစက်မှုတွေဖြစ်ပွားစဉ်က နေပြည်တော်အဝင်ဂိတ်တွေမှာ စစ်ဆေးမှုတွေ တင်းကျပ်တာတွေလုပ်ဆောင်ခဲ့တာလည်းရှိပါတယ်။