တနင်္သာရီမှာ စစ်ကောင်စီက အရပ်သား ၁၀၀ နီးပါးကိုဖမ်းဆီးပြီး ပီဒီအက်ဖ်သတင်းစုံစမ်း

ဧပြီ၊​၂၄
 
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်က စစ်ကောင်စီအင်အား ၅၀ခန့်ဟာ ကျေးရွာနှစ်ရွာက ဒေသခံ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
 
” ဖမ်းတော့ ဖမ်းထားတယ်။ ဘာဖြစ်လို့ ဖမ်းတာလည်းတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ဒီဘက်မှာ သူတို့ (စစ်ကောင်စီ)တပ်နဲ့ ထိတွေ့မှု မဖြစ်တာကြာလှပြီပေါ့။ အခုကလည်း နယ်မြေရှင်းလင်းဖို့ ဝင်လာတာပဲ ဖြစ်မယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အင်အား ၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့က ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းမှာ ရငဲကျေးရွာထဲကို ရုတ်တရက်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံတွေ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ကာ ၂၀ လောက်ပြန်လွှတ်ပေးပေမယ့် နေ့လယ်လောက်မှာ ဆယ်ဦးလောက်ပြန်ဖမ်းခဲ့တယ်လို့ ပြောပါတယ်။
 
ဒီကနေ့ နံနက်မှာတော့ စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တချို့ဟာ ရငဲကျေးရွာနဲ့ တရွာအကျော်မှာရှိတဲ့ ဝဲရစ်ရွာကို ရောက်ရှိလာပြီး ဒေသခံ ၃၀ နီးပါးကို ထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သရက်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ရငဲကျေးရွာမှ ဖမ်းဆီးခံရတဲ့သူတွေဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေအပါအဝင် ရွာထဲမှာ တွေ့သမျှလူကို ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းခြံတခုမှာ ချုပ်နှောင်ထားသလို ဝဲရစ်ကျေးရွာက ဖမ်းဆီးခံရတဲ့သူတွေထဲမှာ တော့ အမျိုးသားတွေကို အဓိထားဖမ်းဆီးခဲ့ကာ ကျေးရွာဘုန်းကြီးကျောင်းမှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ရငဲကျေးရွာဒေသခံတဦးနဲ့ နီးစပ်သူတဦးကတော့ ” မနေ့က မနက် ၇ နာရီလောက်မှာ ရွာထဲရောက်လာပြီး တွေ့ရာကို ဖမ်းတယ်၊ အခုသူအရမ်းကြောက်နေတယ်ပြောတယ်၊ ဟိုထဲမှာ ရိုက်ခံထားရတဲ့သူတွေလည်း ရှိတယ်၊ ဟိုမှာ သူတို့အဓိကမေးတာ၊ PDF တွေ ဒီရွာမှာ ရှိတယ်၊ အဲဒါကို ပြောပြပါ၊ သူတို့သတင်း သေချာအတိအကျရထားတယ်၊ မပြောရင် မလွတ်ဘူး၊ အားလုံးကို ပစ်သတ်မယ်၊ အဲမှာ သူတို့စစ်ဆေးတာတွေလုပ်ပြီးတော့ ကလေးတွေနဲ့အတူ အယောက် ၂၀ လောက်ကို တလှည့်စီလွတ်ပေးလိုက်တယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးစေချင်ရင် ပိုက်ဆံနဲ့ လာရွေးဖို့ကို သူတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ ပိုက်ဆံရှာထားဖို့ ပြောဆိုခဲ့ပြီး တဦးကို ဘယ်လောက်နှုန်းနဲ့ဆိုတာကို လာရွေးရမယ့်ရက်ကို ပြန်ပြောမယ်လို့လည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
 
” ဖမ်းခံထိထားတဲ့သူတွေ ကျန်နေတဲ့သူတွေကို ပြန်လွတ်စေချင်ရင် ပိုက်ဆံနဲ့ လာရွေးရမယ်၊ အဲဒါကြောင့် အခုဖမ်းခံထားရတဲ့ မိသားစုဝင်တွေကို ပြောပြလိုက်ပါ၊ ပိုက်ဆံရှာထားပါ၊ ဘယ်နေ့၊ ဘယ်လောက်ဆိုတာ ပြန်ပြောပေးမယ်ပြောတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီထံ ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိပ်စက်ခံထားရတဲ့အခြေအနေမျိုး မရှိပေမယ့် သူတို့တွေ ဘေးမသီရန်မခနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ကို ကျန်တဲ့မိသားဝင်တွေက မျှော်လင့်နေကြတယ်လို့ ဆိုပါ တယ်။
 
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက အဲဒီကျေးရွာနှစ်ရွာမှာ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့အတူ တပ်စွဲထားဆဲဖြစ်ပေမယ့် ပြည်သူ့ကာကွယ်ရေးတွေနဲ့ တိုက်ပွဲဖြစ်ပွားလာဖို့ အခြေအနေမရှိနိုင်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
 
တနင်္သာရီတိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်တဲ့အခါမှာ ခြုံခိုတိုက်ခိုက်ခံရမှာစိုးတာကြောင့် ဒေသခံအရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအနေနဲ့ အသုံးပြုတာတွေလည်း ရှိခဲ့ပါတယ်။
 
အဲဒီလို လူသားဒိုင်အသုံးပြုပြီးနောက်မှာ တချို့ဒေသခံတွေကို ပြန်လွတ်ပေးတာရှိသလို တချို့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းမှာပဲ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မျိုးတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 
ဓာတ်ပုံ  : Video capture