စစ်ကိုင်းမြို့မှာ လေးရက်အတွင်း ရွာပေါင်း ခြောက်ရွာက အိမ်ခြေ ၄၀၀ ဝန်းကျင်မီးရှို့ခံရ၊ ဒေသခံထောင်ချီစစ်ရှောင်နေရ

ဧပြီ၊ ၂၄
 
စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ ၆ ရွာကို ဧပြီ ၂၀ ရက်၊ ညပိုင်းကနေ စတင်စစ်ကြောင်းထိုးမီးရှို့ခဲ့ပြီး ၄ ရက်အတွင်း အိမ်ခြေ (၄၀၀)ဝန်းကျင် မီးလောင်ပြာကျခဲ့ပြီး ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရပါတယ်။
 
“ ဒေသခံတွေက၂၀ ရက်နေ့ညကတည်းက ပြေးကြရတာ။၂၁ ရက်နေ့မနက် ၉ နာရီမှာ အင်းစကို စဝင်တယ်။ ဒေသခံတွေကိုဖမ်းပြီး လူသားဒိုင်းနဲ့သွားနေတာ။ အင်းစ ရွာက ၃ ဦး။ ၂ ဦးပြန်လွတ်ပြီ။ မူးသာရွာကလည်း ဖမ်းတယ်။ စံသစ်ရွာကလည်း ဖမ်းတယ်။ လူဦးရေအတိအကျ မသိရဘူး “ လို့ ဒေသခံတဦးက ဆိုပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းရဲ့မီးရှို့တာကြောင့် အင်းစရွာမှာ ၂၆၇ အိမ်၊ မူးသာရွာ ၄၉ အိမ်၊ တောင်မြို့ရွာ ၁၆ အိမ်၊ စံသစ်ရွာ ၃၇ အိမ်၊ ရွာထောင်ရွာ ၅ အိမ်၊ ဒီပဲယင်းကွဲရွာ (စားရင်းအတိအကျမသိရသေး) ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ အင်းစရွာကို ကျွန်တော်တို့မီးသွားငြိမ်းတော့ သိပ်တောင်ငြိမ်းစရာမလိုဘူး။ တရွာလုံးနီးပါးက ပြာကျနေပြီ။ မီးကျွမ်းနေတဲ့ သစ်ပင်တွေ၊ အဆောက်အဦးတွေ တအုန်းအုန်းလဲပြိုနေတဲ့ကြား၊ မိုင်းကွင်းတွေကြားကို ကျွန်တော်တို့သွားခဲ့ကြရတာ ” လို့ တခြားဒေသခံတဦးက ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေကို လှည့်လည်မီးရှို့ဖျက်ဆီးနေတာကြောင့် တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ အင်းစ၊‌ တောင်ကြား၊ မူးသာ၊ မန်ကျည်းကုန်းရွာ၊ ဒီပဲယင်းကွဲစသည့် ကျေးရွာတွေက အရပ်သားထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
 
စစ်ဘေးရှောင်တွေဟာ ဘုန်းတော်ကြီးကျောင်းတွေ၊ နီးစပ်ရာဆွေမျိုးတွေအိမ်တွေမှာ သွားရောက်ရှောင်တိမ်းနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းတွေ ဆက်လက်ထိုးနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခြင်းတွေ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီရဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကနေ အရေးယူခံရမှုတွေ ကင်းလွတ်နေတဲ့အတွက် နိုင်ငံတကာအနေနဲ့ ထုတ်ပြန်ချက်တွေသာ ထုတ်မနေဘဲ လက်တွေ့အရေးယူနိုင်ရေး ဆောင်ရွက်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။
 
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းချိန်ကနေစပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိကာလအတွင်း စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
 
အဲဒီထဲမှာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့Data For Myanmar ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် ။
 
စစ်ကောင်စီရဲ့အာဏာသိမ်းတာကို လက်မခံဘဲ ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့အပါအဝင် မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသလို လူပေါင်းခုနှစ်သိန်းဝန်းကျင်ဟာလည်း စစ်ရှောင်နေရပါတယ်။ 
ဓာတ်ပုံ – CJ