ဧပြီ၊ ၂၄
ကမ္ဘာတလွှားမှာ စစ်ရေး အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင် အမြင့်ဆုံး ပမာဏကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်ရဲ့ နိုင်ငံတကာ စစ်ရေး၊ ကာကွယ်ရေး အသုံးစရိတ်ဟာ ဒေါ်လာ ၂.၂၄ ထရီလီယံထိ ရောက်ရှိခဲ့ကြောင်း ဩဇာကြီးမားတဲ့ သုတေသန အဖွဲ့အစည်း တခုဖြစ်တဲ့ စတော့ခ်ဟုမ်းလ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန (SIPRI)က ထုတ်ပြန်ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ဒေသအလိုက် ပထဝီ နိုင်ငံရေး အားပြိုင်မှုတွေ မြင့်တက်လာခြင်းတွေက နိုင်ငံတကာ စစ်အသုံးစရိတ် မြင့်တက်လာစေတဲ့ အဓိက တွန်းအားတွေ ဖြစ်ခဲ့တယ်လို့လည်း SIPRIက ဆိုပါတယ်။ အခုဆိုရင် နှစ်အလိုက် စစ်ရေး အသုံးစရိတ်တွေ တောက်လျှောက် တိုးလာတာက ၈ နှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။
ဥရောပတိုက်ရဲ့ စစ်ရေး အသုံးစရိတ်ဟာ တနှစ်အတွင်း ၁၃ ရာခိုင်နှုန်း ထိုးတက်သွားတယ်လို့ SIPRIက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ လောက်အတွင်း အမတ်စောက်ဆုံး ထိုးတက်သွားတဲ့ ညွှန်ကိန်းလို့ ဆိုနိုင်ပါတယ်။
ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းကို လက်နက်တွေ ဝယ်ယူထောက်ပံ့ဖို့ နိုင်ငံပေါင်းများစွာက အသုံးစရိတ်တွေ မြှင့်တင်ခဲ့ခြင်းကြောင့်လည်း အခုလို သိသာတဲ့ ငွေပမာဏ မြင့်တက်မှုမျိုး ဖြစ်လာတာလို့ SIPRIက ဆိုပါတယ်။ ရုရှားရဲ့ စစ်အသုံးစရိတ်ကလည်း ၂၀၂၂ ခုနှစ်မှာ ၉.၂ ရာခိုင်နှုန်းလောက်ထိ တက်လာပါတယ်။
စစ်ရေး၊ ကာကွယ်ရေး အသုံးစရိတ်မှာ အမေရိကန်ကတော့ ကမ္ဘာ့ဦးဆောင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေပြီး ၂၀၂၂ မှာ ၀.၇ ရာခိုင်နှုန်း တက်လာတာကြောင့် ဒေါ်လာ ၈၇၇ ဘီလီယံထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ တကမ္ဘာလုံးရဲ့ တနှစ်တာ စစ်ရေး အသုံးစရိတ် စုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
တရုတ်က ကမ္ဘာပေါ်မှာ ဒုတိယ စစ်သုံးစရိတ် အများဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေပြီး ၂၀၂၂ ခုနှစ်အတွင်း ဒေါ်လာ ၂၉၂ ဘီလီယံလောက် သုံးစွဲခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ ၂၀၂၁ ကထက် ၄.၂ ရာခိုင်နှုန်း တိုးလာတာပါ။ တရုတ်နဲ့ ပြိုင်ဆိုင်နေတဲ့ ဂျပန်လို နိုင်ငံတွေလည်း စစ်ရေး အသုံးစရိတ်ကို တိုးမြှင့်လာပြီး ဒေါ်လာ ၄၆ ဘီလီယံထိ တိုးမြှင့် သုံးစွဲခဲ့ပါတယ်။ ဂျပန်ဟာ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ကာကွယ်ရေး အသုံးစရိတ် နှစ်အလိုက် တိုးမြှင့်မှုမှာ အမြင့်ဆုံး အရှိန်အဟုန်ကို ရောက်နေတယ်လို့ SIPRIက ဆိုပါတယ်။
ဂျပန်နဲ့ တရုတ်တို့ဟာ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်မှာ စစ်သုံးစရိတ် အမြင့်ဆုံး နိုင်ငံတွေ ဖြစ်လာပါတယ်။ တရုတ်က ထိုင်ဝမ်အရေးမှာ ပိုပြီး သဘောထား တင်းတင်းမာမာ ချဉ်းကပ်မှုတွေ ရှိလာခြင်းကြောင့်လည်း ဒေသတွင်း စစ်အသုံးစရိတ်တွေ အပြိုင်အဆိုင် တိုးချဲ့လာနေတယ်လို့ သိရပါတယ်။
Ref: Al Jazeera