ဧပြီ၊ ၂၄
နယူးကာဆယ် ယူနိုက်တက်ကို အရှုံးကြီး ရှုံးခဲ့တဲ့ ရလဒ်နဲ့ ပတ်သက်လို့ ပရိသတ်တွေကို တသင်းလုံးက တာဝန်သိသိ ပြန်တောင်းပန်သင့်တယ်လို့ တော့တင်ဟမ် ဟော့စပါး ဂိုးသမား ဟူဂို လောရစ်က ဝန်ခံခဲ့ပါတယ်။
လောရစ်အတွက်တော့ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းပတ်ခ်ကွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ ညတညကို အမြန်ဆုံး မေ့ဖျောက်ပစ်ချင်နေမှာဖြစ်ပြီး တော့တင်ဟမ်ဟာ ပထမပိုင်းမှာတင် ၅-၀ နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ၂၁ မိနစ် အတွင်းမှာ ၅ ဂိုးထိ ခွင့်ပြုခဲ့ရတဲ့ လောရစ် ကိုယ်တိုင်လည်း ပထမပိုင်း အပြီးမှာ လူစားလဲ ထွက်ခွာခဲ့ရပါတယ်။
ပထမပိုင်းမှာ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်ရဲ့ ဂိုးပေါက်တည့်တည့် ကန်သွင်းမှု ၆ ကြိမ်မှာ ၅ ဂိုး ခွင့်ပြုခဲ့ရတဲ့ လောရစ်က ရလဒ်ဟာ ရှက်စရာ အရမ်းကောင်းပြီး အသင်းသားအားလုံး ပရိသတ်တွေကို တောင်းပန်သင့်ကြောင်း၊ ပွဲအပြီးမှာ မျက်နှာမပြရဲလောက်အောင် ဖြစ်ခဲ့ပြီး တသင်းလုံး နယူးကာဆယ်ကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
နယူးကာဆယ်ဟာ ပွဲကို ရမ္မက်ဇောသန်သန်နဲ့ ကစားသွားခဲ့ပြီး တော့တင်ဟမ်ကတော့ ပထမပိုင်း တပိုင်းလုံး လမ်းပျောက်နေခဲ့ကြောင်း၊ ပွဲနဲ့ ပတ်သက်လို့ နည်းဗျူဟာပိုင်းတွေအကြောင်း မပြောချင်ဘဲ တော့တင်ဟမ်ဟာ ပြိုင်ဘက်ကို ဘယ်လိုမှ မယှဉ်သာခဲ့တာကိုပဲ သူ့အနေနဲ့ ပြောလိုကြောင်း၊ အခု အရှုံးအတွက် အရမ်း နာကျင်ကြောင်း လောရစ်က ဆက်ပြောပါတယ်။
သူက ပထမပိုင်း အပြီးမှာ အရန်ဂိုးသမား ဖရေဇာ ဖော်စတာနဲ့ လူလဲခံခဲ့ရတာဟာ လက်စွမ်းကြောင့် မဟုတ်ဘဲ ကြွက်သားဒဏ်ရာတခု ရသွားလို့သာ ဖြစ်တယ်လို့လည်း ရှင်းပြသွားပါတယ်။
တော့တင်ဟမ်ရဲ့ ယာယီ မန်နေဂျာဖြစ်သူ ခရစ္စတီယန် စတယ်လီနီကလည်း သူ့ဘဝမှာ အဆုံးဆိုး ၂၅ မိနစ်လောက် ကာလကို မျက်မြင် ကြုံခဲ့ကြောင်း ပြောကြားခဲ့ပြီး အခုပွဲအတွက် သူစဉ်းစား ရွေးချယ်ခဲ့တဲ့ နည်းဗျူဟာပိုင်းက အကြီးအကျယ် လွဲချော်မှုတွေ ဖြစ်ခဲ့ကြောင်း ဝန်ခံသွားပါတယ်။
အသင်းကို ပိုမိုအားပြည့်ပြီး စိတ်ဓာတ်နိုးကြားနေမယ့် အခင်းအကျင်းမျိုး ရွေးချယ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ကြောင်း၊ သူဟာ ခံစစ်ဗျူဟာနဲ့ ပတ်သက်ရင် အလောင်းအစားဆန်တဲ့ ဆုံးဖြတ်ချက်တချို့ ချမှတ်ခဲ့ပေမယ့် အကြီးအကျယ် လွဲချော်ခဲ့ကြောင်း စတယ်လီနီက ဆိုပါတယ်။
တော့တင်ဟမ်ဟာ အခုပွဲ အရှုံးရလဒ်ကြောင့် လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းမှာ ပါဝင်ခွင့်ရရေးအတွက် ပိုမို ခက်ခဲသွားပြီ ဖြစ်ပါတယ်။
Ref: Daily Mail