ဧပြီ၊၂၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနီး ဗိုလ်နက်တောင်၊ ကျောက်ကြမ်းတောင်၊ တောင်လှတောင်အနီး ရွှေလုပ်ကွက်တွေနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး မောင်းထုတ်နေလို့ ဧပြီလ ၅ ရက်နေ့နောက်ပိုင်းကစပြီး ရာဂဏန်းနီးပါးရှိတဲ့ ဒေသခံတွေဟာ ရွာတွေမှာ မနေရဲဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
“ကျောက်မြောင်းက စစ်ဗိုလ်တယောက်က အဲ့ဖက်မှာ ရွှေလုပ်ကွက်လုပ်တာ၊ အဲ့ဖက်တွေကို နယ်လဲချဲ့ရင်း စစ်ကြောင်းလဲထိုးရင်းနဲ့ အဲ့လိုလုပ်နေတာ၊ တောထဲက စစ်ရှောင်တဲတွေကိုရော မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့လဲ အနားကရွာတွေကို ကြိုကြားကြိုကြားလှမ်းထုတယ်၊ တောင်လှတောင်မှာ သူတို့အထိုင်စချထဲက အဲ့နားက ပျူရွာတွေနဲ့ ပေါင်းရှင်းတာပဲ၊ ပျူရွာမဟုတ်တဲ့ ရွာတွေကတော့ ပြေးကြရတာ၊ မြေတွေလည်း လက်နက်ပြသိမ်းတာရော ဘာရောဆိုတော့၊ အဲ့နားကရွာတွေက မနေရဲလို့ ရှောင်ကြရတာ ” လို့ ရွှေဘိုဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီရွှေလုပ်ကွက်တွေဟာ မခေါက်ရွာ၊ ဟင်္သာကြီးရွာတွေက ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီရဲ့တောင်လှတောင်အထိုင်တပ်က ပေါင်းလုပ်နေတာဖြစ်ပြီး အနီးအနားရွာက ဒေသခံတွေရဲ့မြေတွေကို အဓမ္မသိမ်းဆည်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သစ်တောမီးရှို့ပြီး ရွာမှာမနေရဲအောင်လုပ်တာတွေ၊ စစ်ရှောင်တဲတွေကို မီးတင်ရှို့တာတွေပါ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာ အခုဧပြီလ အစထဲက ထွက်ပြေးနေကြရတာလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ကျောက်မြောင်း ခလရတပ်ကနေ တောင်လှတောင်ကို ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေလုပ်ကိုင်နေတဲ့ ရွှေလုပ်ကွက်အနီး ကုလားမ၊ လက်ခုပ်ကျ၊ ကျောင်းကုန်း၊ ပုလဲသွယ်၊ မန်ကျည်းသုံးပင် အစရှိတဲ့ရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ တောမီးရှို့တာတွေ၊ လက်နက်ပြချိန်းခြောက်အနိုင်ကျင့်တာတွေနဲ့ စစ်ကြောင်ထိုးဝင်ရောက်တာတွေကြောင့် မနေရဲဘဲ ရွာလုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
” တောင်လှတောင်နားမှာ အရပ်အခေါ်ဆို ရွှေလုပ်ငန်း အင်းဗြဲလုပ်တာပေါ့၊ တောင်လှတောင်ပေါ်မှာ အထိုင်ချထားတဲ့ တပ်က သက်သက်ကို လူတွေမနေရဲအောင် လှမ်းပစ်တာ၊ အဲ့နားကရွာတွေဆို ရွာလုံးကျွတ်ပဲ ပြေးနေရတာကြာပြီ၊ မနေ့ကဆိုလည်း စစ်ရှောင်တဲတွေရှိတဲ့ဖက်ကို ပစ်တာ တော်တော်များတယ် လက်နက်ကြီးနဲ့ပစ်တာ၊ အဲ့ကရွှေလုပ်ကွက်က ကျောက်မြောင်းစစ်တပ်က ဗိုလ်တယောက်လုပ်နေတာ ” လို့ ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်တဦးက ပြောပါတယ်။
အဲ့ဒီဒေသတွေဟာ အရင်ထဲက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ထားပြီး တရားမဝင်ရွှေတူးဖော်မှုတွေ ပြုလုပ်နေတဲ့ နေရာတွေဖြစ်ပြီးတော့ အခုလို စစ်အာဏာသိမ်းပြီးနောက်ကာလမှာလည်း အဲ့ဒီလုပ်ကွက်တွေကနေ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေက တရက်ကို သိန်းရာဂဏန်းနီးပါး တရားမဝင်အခွန်ငွေတွေ ရရှိနေကြတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
အဲ့ဒီ့လိုပုန်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ လက်ရှိမှာတော့ သောက်သုံးရေအခက်အခဲ၊ ဆေးဝါအခက်အခဲနဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ရှိနေပြီးတော့ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ အခက်အခဲဖြစ်နေကြရတယ်လို့ သိရပါတယ်။
မနေ့ကညနေပိုင်းကလည်း ရွှေဘိုမြို့ တောင်လှတောင်ပေါ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးတာမျိုးမရှိဘဲနဲ့ လက်နက်ကြီးနဲ့ ရွှေဘိုနယ် ပုလဲသွယ်ရွာနဲ့ ဝက်လက်နယ်၊ ထုံးဘိုကုန်းရွာ အပိုင်းဘက်တွေကို ဦးတည်ပစ်ခတ်ခဲ့သလို ဒရုန်းနဲ့ ဗုံးသီးချပစ်ခတ်မှုကြောင့် ရွှေဘိုမြို့နယ် ပုလဲသွယ်ရွာမှ အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြေပြင်ကင်းထောက်အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာတွေ့ရတဲ့ ရွှေမျှောလုပ်ငန်းများအား တွေ့ရစဥ်