ကန့်ဘလူမှာ ရှစ်နှစ်အရွယ် စစ်ရှောင်ကလေး မြွေကိုက်ခံရပြီး သေဆုံး

ဧပြီ၊ ၂၂
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ဝက်သအင်းရွာက အသက် ရှစ်နှစ်အရွယ် စစ်ရှောင်ကလေးငယ်တဦးဟာ ဧပြီလ ၁၇ ရက်က မြွေဆိုးကိုက်ခံရပြီး သေဆုံးသွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ဝက်သအင်းရွာခံ အသက်ရှစ်နှစ်အရွယ် မောင်မိုးဟိန်းဆိုသူဟာ မိသားစုဝင်တွေနဲ့အတူ စစ်ရှောင်နေရသူတဦးဖြစ်ပြီး ဧပြီလ ၁၅ ရက်က ထမင်းချက်ရန်အတွက် ထင်းသယ်သွားရာက မြွေကိုက်ခံခဲ့ရတာလို့ သိရပါတယ်။ အဲဒီနောက်သူ့ကို ဆေးကုသပေးနေရင်းက နှစ်ရက်အကြာမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
 
” ဒီဘက်မှာက အခုလို မိုးဦးတချက်ကျဆို မြွေပိုပေါတယ်၊ သူက တအားပူပြီးတော့မှ မိုးကျလိုက်တော့ မြွေဆိုးထွက်တဲ့အချိန်ပေါ့၊ အဲ့လိုအခြေအနေမှာ စစ်ရှောင်တွေကလည်း တောထဲမှာ အဆင်ပြေသလိုနေကြရတော့ မြွေအန္တရာယ်ပိုရှိနေတာပေါ့၊ နှစ်တိုင်းတော့ မြွေကိုက်လူနာတွေရှိတယ်၊ မနှစ်ကဆို ပိုများတယ်၊ ပြေးရတဲ့သူတွေများတာကိုး၊ အခုကတော့ တရက်တည်း လူနာနှစ်ဦးလောက် ဆုံတာတွေတောင်ရှိတယ် ” လို့ သူက ပြောပါတယ်။
 
ကန့်ဘလူနယ်အနီးတဝိုက်ဟာ အပူပိုင်းဒေသဖြစ်တာကြောင့် မြွေပွေး၊ မြွေဟောက်လို အဆိပ်ပြင်းမြွေတွေ ပေါသလို လက်ရှိမှာ သစ်တောပြုန်းတီးမှုတွေကြောင့် မြွေဆိုးအန္တရာယ်ကို ပိုမိုရင်ဆိုင်လာရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
” ကန့်ဘလူက တနယ်လုံးကို မြွေပေါတာ၊ အဓိကတော့ အပူပိုင်းဒေသဖြစ်တာရယ် ကုန်တွင်းပိုင်းလည်းဖြစ်တော့ ပိုဆိုးတယ်၊ အခုနောက်ပိုင်းကျတော့ တောတွေပြုန်းတာလည်းပါတော့ သူတို့လည်း နေစရာမရှိတော့ ပိုပေါလာတယ်၊ ကျွန်တော်တို့လည်း တောင်သူလုပ်ဖူးတယ်၊ အရင်တုန်းက မြွေမရှိဘူးထင်တာပေါ့၊ အခုတော့ မရှိဖူးတဲ့နေရာမှာကို မြွေပေါလာတယ်၊ မြွေကိုက်ခံရရင်လည်း ဆေးက တော်တော်ဈေးကြီးတယ်ဗျ ” လို့ သူကပြောပါတယ်။
 
ကန့်ဘလူနယ်မှာ မြွေဆိုးကိုက်ခံရတယ်ဆိုပါက နီးစပ်ရာကျေးရွာတွေက ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေက မြန်မာ့ဆေးဝါးလုပ်ငန်း BPI ထုတ် မြွေဆိပ်ဖြေဆေးနဲ့ အိန္ဒိယနိုင်ငံထုတ်မြွေဆိပ်ဖြေဆေးကို အဓိကထားသုံးပြီး ကုသမှုပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမြန်မာ့ဆေးဝါးလုပ်ငန်း BPI ထုတ် မြွေဆိပ်ဖြေဆေးတလုံးကို ကျပ်တသိန်းသုံးသောင်းလောက် ပေးဝယ်ရသလို အိန္ဒိယမြွေဆိပ်ဖြေဆေးတလုံးကို ကျပ်လေးသောင်းလောက်ဈေးရှိပြီး လိုသလောက် ဝယ်မရဘူးလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
” မြွေကိုက်ခံရတဲ့ ဒဏ်ရာအပေါ်မူတည်ပြီးတော့ပေါ့နော် တခါတလေ ကိုက်တာပြင်းရင် ဆယ်လုံး၊ အလုံးနှစ်ဆယ်လောက် သုံးရတာလည်း ရှိတယ်၊ BPI အလုံးနှစ်ဆယ်ဆို သိန်းနှစ်ဆယ်ကျော်ပြီလေ၊ ကုန်ကျစရိတ်များတယ်ဗျ၊ မြွေပေါတဲ့ဒေသတွေက ရွာကို ဆေးဝယ်လှူကြတယ်၊ ရွာအစီအစဉ်နဲ့ လုပ်ကြတာပေါ့၊ ဆေးကုန်ရင် ရွာထဲမှာ ပေါင်းအလှူခံတာမျိုး လုပ်သလို တချို့ကျတော့လည်း ဆေးတလုံးကို တသိန်းကျော်မပေးဘဲ သူတို့နိုင်သလောက်လေး ပေး ဝယ်တာမျိုးလည်း ရှိတယ်၊ မလှူနိုင်လည်း အခမဲ့ကုပေးရတာလည်း ရှိတယ် ” လို့ သူကပြော ပါတယ်။
 
ကန်ဘလူနယ်အတွင်းက တချို့ကျေးရွာတွေကို စစ်အုပ်စုက အထိုင်ချစခန်းလုပ်ထားတဲ့အတွက် အဲဒီအနီးနားက ရွာတွေက ဒေသခံတွေဟာ တိုက်ပွဲမရှိချိန်မှာတောင် နေရပ်မပြန်နိုင်ဘဲ အခုချိန်အထိ တောတွေထဲမှာ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ကန့်ဘလူခရိုင်အတွင်းရှိ လတိုင်းနီးပါးဆိုသလို စစ်ရှောင်တွေ မြွေကိုက်ခံနေရကာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ သုံးဦး၊ မတ်လမှာ တဦး မြွေကိုက်ခံရပေမယ့် သေဆုံးမှုမရှိခဲ့ဘဲ အခုလမှာ ကလေးငယ်တဦး သေဆုံးခဲ့တာပါ။ 
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့