ဧပြီ၊ ၂၂
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှုနဲ့ စွဲဆိုတဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်မှာ ကားမောင်းနှင်လာချိန် အဲ့ဒီကားထဲမှာပဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ For The Yangon လို့ အမည်ပေးထားတဲ့ မြို့ပြပြောက်ကျားအဖွဲ့တခုက ထုတ်ပြန်ပါတယ်။
“ ပစ်ခံရတဲ့ကားက အနက်ရောင်ပါ၊ အဲဒီကားက လမ်းဘေးဓါတ်မီးတိုင်ကို ဝင်တိုက်နေတာတွေ့ခဲ့ရတယ်၊ ပြောတာတော့ PDF တွေက ပစ်သွားတာပဲ၊ အဲဒီကားကို ဝိုင်းပစ်သွားကြတယ်၊ ကားပေါ်မှာက ဌာနဆိုင်ရာ လူကြီးပိုင်းတယောက်လို့ သိရတယ်။ ပစ်ခံရလို့ သေသွားတယ်လို့ ပြောတယ်။ အဲနားမှာ လူတွေ ရဲတွေ၊ စစ်သားတွေတော့ အများကြီး ရောက်လာတာ တွေ့ရတယ်၊ အမတို့က လှမ်းတွေ့ တာလောက်ပါပဲနော်၊ နီးနီးကပ်ကပ်မြင်ခဲ့ရတာတော့ မဟုတ်ဘူး ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီကလည်း အဲ့ဒီပစ်ခတ်မှုကို အတည်ပြုထားပြီး ဝေဇယန္တာလမ်းပေါ် (၁၆)ကွေ့နားက အောင်ရတနာ ပုဂ္ဂလိကဆေးရုံအနီးမှာ ဒီကနေ့ နေ့လယ် နှစ်နာရီ ဝန်းကျင်က ပစ်ခတ်မှုဖြစ်ကာ ဦးစိုင်းကျော်သူဟာ ရရှိဒဏ်ရာတွေကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ချိန်မှာ သေဆုံးသွားတာလို့ စစ်အုပ်စုနဲ့နီးစပ်တဲ့ လူမှုကွန်ရက်ချန်နယ်တွေက ဖော်ပြပါတယ်။
ဦးစိုင်းကျော်သူဟာ ဆရာဝန်ဖြစ်တဲ့ ဇနီးဖြစ်သူကို အောင်ရတနာဆေးခန်းပို့ပြီး ကားမောင်းပြန်လာချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး လည်ပင်း၊ ယာဘက်နားအောက်၊ ချိုင်းအောက်နဲ့ လက်တို့မှာ ကျည်ထိဒဏ်ရာ ငါးချက်နဲ့ သေဆုံးခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် စိုင်းကျော်သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးသူဖြစ်သလို တရားလိုအဖြစ် တရားစွဲထားသူတဦးဖြစ်တယ်လို့လည်း နာမည်ထွက်နေသူဖြစ်တယ်လို့ For The Yangon မြို့ပြပြောက်ကျားအဖွဲ့က ဆိုပါတယ်။
ဒီအချက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ဦးစိုင်းကျော်သူဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုနဲ့ စွဲဆိုတဲ့အမှုမှာ တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုခဲ့တာကိုတော့ အတည်ပြုနိုင်ပါတယ်။
ဒါ့အပြင် ဦးစိုင်းကျော်သူဟာ NLD အစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းကို မဲစာရင်းမှားယွင်းမှုအကြောင်းပြကာ စွဲဆိုခဲ့တဲ့အမှုမှာ တရားလိုအဖြစ် တာဝန်ယူခဲ့တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – Google
ပုံစာ – သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ ဦးစိုင်းကျော်သူ