ဝန်ထမ်းတွေလစာတိုးဖို့မရှိသေးဘူးလို့စစ်ကောင်စီပြော

ဧပြီ၊ ၂၂

 လက်ရှိနိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေကို လစာ တိုးမြှင့်ဖို့ မရှိသေးဘူးလို့ စစ်ကောင်စီလက်အောက်ခံစီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ အသိပေးလိုက်ပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေကို လစာနှုန်းထား တိုးမြှင့်ပေးမယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေနဲ့ဝန်ထမ်းတွေကြားသတင်းတွေပျံ့နေပေမယ့် ဒါဟာကောလာဟလပဲ ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းထိုက်က ပြောပါတယ်။

“လစာနှုန်းထားတွေကတော့ လက်ရှိ လစာနှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်၊လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာ ရေးအခြေအနေအရ လစာနှုန်းထားကို တိုးမြှင့်ဖို့ မရှိသေးဘူး”လို့ သူက နိုင်ငံပိုင် မီဒီယာကိုပြောပါတယ်။ 

စစ်ကောင်စီက ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေ တိုးမြှင့်ပေးမယ်လို့ ပြင်ပနဲ့ စစ်​ကောင်စီလက် အောက်ခံဌာနတချို့မှာ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန် ထွက်ပေါ်ခဲ့တယ်လို့ နေပြည်တော်က Non CDM  ဝန်ထမ်းတချို့က ပြောပါတယ်။ 

“ဒီမှာက အဲဒီလို လစာတွေ တိုးပေးမယ်လို့ သတင်းတွေကတော့ ထွက်နေတာပဲ၊ကျွန်တော်နဲ့ သိတဲ့ ဌာနမှာတော့ လစာတွေ တိုးတော့မယ်လို့ ထွက်နေတာပေါ့၊ ကျွန်တော် လုပ်နေတဲ့ ဌာနမှာတော့ မသိလိုက်ကြဘူး” လို့ နေပြည်တော်က ဝန်ထမ်းတဦးက DNA ကို ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖိဆန်ရေး လှုပ်ရှားမှု (CDM)တွေ ပြုလုပ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့အတွက် စစ်ကောင်စီဟာ ဝန်ကြီးဌာနအသီး သီးမှာ ဖွဲ့စည်းပုံ ပျက်မသွားစေဖို့ချော့တခါ၊ ခြောက် တလှည့်နဲ့ စည်းရုံးမှုတွေလုပ်နေရာက လစာတိုးပေးမယ်လို့သတင်းလွှင့်ခဲ့တာလည်းဖြစ်နိုင်ပြီး လက် တွေ့မှာဝန်ထမ်းလစာတိုးတာနဲ့အထွေထွေအကျပ် အတည်းတွေဖြစ်လာနိုင်တယ်လို့ CDM အရာရှိတဦးက သုံးသပ်ပါတယ်။ 

“ ဒီလို ကောလာဟလ ထွက်လာရင် ကုန်သည်တွေက ကြိုက်တယ်လေ၊ ဈေးနှုန်းတွေက ကစားတော့မှာကိုး၊ဒါကြောင့် သူတို့ ဒီလို ထုတ်ပြန်လာတာ”လို့ သူက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာ၊စရိတ်၊ခံ စားခွင့်တွေကို၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရတဲ့ နှစ်ကနေ  ၂၀၁၈ ခုနှစ်အထိ ၁၅ ကြိမ်အထိ လစာအ ကြိမ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး နိုင်ငံဝန်ထမ်းလစာကို အနည်းဆုံး ၁၂၀၀၀၀ ကနေ အများဆုံး ငါးသိန်းအထိ တိုးမြှင့်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်နှစ်ခုလုံးမှာ နိုင်ငံ့ဝန်ထမ်းလစာတွေကိုတိုးပေးတာရှိခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ဝန်ထမ်းလစာတိုးပေးနိုင်တာမရှိသေးသလို နိုင်ငံခြားသုံးငွေအကျပ်အ တည်းနဲ့ရင်ဆိုင်နေရပြီး စစ်အသုံးစရိတ်ကလွဲလို့ ကျန်တဲ့ဌာနတွေရဲ့အသုံးစရိတ်တွေကိုလျှော့ချထားပါတယ်။