NATOဟာ ရုရှားရဲ့ လုံခြုံရေးကို ရည်ရွယ်ချက်ရှိရှိ ထိပါးနေတယ်လို့ ပူတင်ရဲ့လက်ရုံး စွပ်စွဲ

ဧပြီ၊ ၂၂

NATO စစ်မဟာမိတ် အဖွဲ့ဟာ ရုရှားရဲ့ လုံခြုံရေးကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် ထိပါးနေတယ်လို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

 ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က NATOဟာ ရုရှားကို ခါးသီး ပြိုင်ဘက်အဖြစ် ရှုမြင်ထားတဲ့အပြင် ရုရှားရဲ့ လုံခြုံရေး ကဏ္ဍကို ထိပါးဖို့ နည်းလမ်းမျိုးစုံနဲ့ လက်တွေ့ကျကျ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

 သူ့ရဲ့ နိုင်ငံဟာ ရန်လိုတဲ့ အမြင်နဲ့ စောင့်ကြည့်ပြီး လုံခြုံရေး ထိပါးနှောင့်ယှက်ဖို့ အစဉ်သဖြင့် ကြံစည်နေတဲ့ အင်အားစု တခုရဲ့ ရန်ကို အချိန်ပြည့် ရင်ဆိုင်နေရတယ်လို့ မော်စကိုမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ် လက်ရုံးတဦးလည်းဖြစ်တဲ့ ပက်စ်ကော့ဗ်က မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

 ရုရှားနဲ့ စစ်ခင်းတိုက်ခိုက်နေတဲ့ ယူကရိန်း နိုင်ငံကို NATOရဲ့ ခေါင်းဆောင် ယန်စတိုလ်တန်ဘက် သွားရောက် လည်ပတ်ခဲ့တဲ့နောက် ပက်စ်ကော့ဗ်က အခုလို တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။

 ယူကရိန်းဟာ နောင်တချိန်မှာ NATO အဖွဲ့ဝင် ဖြစ်လာသင့်တယ်ဆိုတဲ့ စတိုလ်တန်ဘက်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့လည်း ပက်စ်ကော့ဗ်က အခုဆိုရင် NATOဟာ ယူကရိန်းကို ဆွဲသွင်းဖို့ လက်တွေ့ လုပ်ဆောင်နေပြီး ဒီခြိမ်းခြောက်မှု အလားအလာကို ရုရှားသမ္မတ ပူတင်က အစောကြီး ကတည်းက ကြိုတင် သတိပေးထားခဲ့ကြောင်း ထောက်ပြသွားပါတယ်။

 ဒါ့အပြင် အမေရိကန်ရဲ့ ဩဇာကြီးမားတဲ့ သတင်းဌာနကြီး တခုဖြစ်တဲ့ Washington Postက ရုရှား အစိုးရဟာ ဂျာမနီရဲ့ ပြည်တွင်းရေး ကဏ္ဍတွေမှာ စွက်ဖက် ခြယ်လှယ်မှုတွေ ရှိနေကြောင်း ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ပက်စ်ကော့ဗ်က မှားယွင်းပြီး အရှက်ကင်းမဲ့တဲ့ ရေးသားမှုလို့ ပြစ်တင် ရှုတ်ချသွားခဲ့ပါတယ်။