တောင်အာဖရိကမှာ ပစ်ခတ်မှု တခုကြောင့် မိသားစု တခုတည်းက လူဆယ်ဂဏန်းထိ သေဆုံး

ဧပြီ၊ ၂၂

တောင်အာဖရိက နိုင်ငံမှာ ပစ်ခတ်မှုတခု ဖြစ်ပွားပြီး မိသားစု တခုတည်းက လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 ဧပြီ ၂၁ ရက် မနက်ပိုင်းက ပီတာမာတစ်ဇ်ဘက်ဂ် မြို့နားမှာရှိတဲ့ မိသားစု တခုရဲ့ နေအိမ်ကို အလစ်စီးနင်း တိုက်ခိုက် ခံရပြီး အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၃ ဦး သေဆုံးခဲ့တာလို့ ရဲတွေက ပြောပါတယ်။

 ဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယ တရားခံ ၂ ဦးကို ဖမ်းဆီးထားပြီး ၁ ဦးကို အသေပစ်ခတ် နှိမ်နင်းခဲ့ရကြောင်း၊ ၁ ဦးက လွတ်မြောက်နေဆဲဖြစ်ကြောင်း မြို့ခံ ရဲတပ်ဖွဲ့က ကြေညာပါတယ်။

 မိသားစု တခုတည်းက လူ ၁၀ ယောက်ကို ဘာကြောင့် ပစ်မှတ်ထား သတ်ဖြတ်သွားသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

 တောင်အာဖရိကဟာ လူဦးရေ အချိုးအစားနဲ့ တွက်ချက်ရင် ကမ္ဘာပေါ်မှာ လူသတ်မှု ဖြစ်ပွားနှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တခုပါ။

 ရဲလုပ်ငန်း ဝန်ကြီး ဘာခီဆီလီက အခုဖြစ်စဉ်အတွင်း သေဆုံးသူတွေထဲမှာ အငယ်ဆုံးတဦးဟာ အသက် ၁၃ နှစ်သာ ရှိသေးတယ်လို့ ပြောပါတယ်။ အိမ်တအိမ်ထဲမှာ လူတွေ အများကြီး သေဆုံးခဲ့ရတဲ့ မှုခင်းနေရာဟာ မြင်ရက်စရာ မရှိလောက်အောင် ဆိုးရွားခဲ့တယ်လို့လည်း သူက မှတ်ချက် ပေးပါတယ်။

 ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ ဘယ်လောက်ရှိသလဲ ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ကလေး ၁ ဦးကတော့ ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ပြည်တွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

 အခင်းဖြစ်ပွားရာမြို့ဟာ တောင်အာဖရိကရဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေ သောင်းကျန်းလေ့ရှိတဲ့ ဧရိယာတွေထဲက တခု ဖြစ်ပါတယ်။ အဲဒီ မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ တောင်အာဖရိကမှာ အစဉ်အဆက် မဖြေရှင်းနိုင်သေးတဲ့ ပြဿနာကြီး တခုလို့ သတ်မှတ် ခံထားရပါတယ်။

 တောင်အာဖရိကမှာ လူတွေ အများအပြား အစုလိုက် အပြုံလိုက် သေဆုံးတဲ့ ပစ်ခတ်မှု သတင်းတွေက လူထုအတွက် သိပ်မစိမ်းတော့ပါဘူး။ ဇန်နဝါရီလတုန်းကတင် ဂျီကွာဘာဟာမြို့က မွေးနေ့ပါတီ တခုမှာ ပစ်ခတ်မှုဖြစ်လို့ လူ ၈ ဦး သေဆုံးခဲ့ဖူးပါတယ်။ မနှစ်တုန်းကလည်း ပစ်ခတ်မှု တခုတည်းမှာတင် လူ ၁၅ ဦးထိ အသက်ဆုံးရှုံးတဲ့ ဖြစ်စဉ်မျိုး ပေါ်ပေါက်ခဲ့ဖူးသေးကြောင်း သိရပါတယ်။