အနိုင်ကျင့်မှု စွပ်စွဲချက်တွေကြောင့် ဗြိတိန် ဒုတိယ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရ

ဧပြီ၊ ၂၂

လက်အောက်ငယ်သား ဝန်ထမ်းတွေအပေါ် ရိုင်းရိုင်းပြပြ ဆက်ဆံခဲ့၊ အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဗြိတိန် ဒုတိယ ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

 ဒေါမနစ်ရက်ဘ်ရဲ့ နုတ်ထွက်စာကို ဧပြီ ၂၁ ရက်မှာ ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က အတည်ပြု လက်ခံပေးခဲ့ပါတယ်။ ဆူနက်ခ်က ရက်ဘ်နုတ်ထွက်သွားတဲ့အပေါ် စိတ်မကောင်းပေမယ့် အငြင်းပွားစရာ အမှားတွေ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ ခြွင်းချက်တွေနဲ့ လျှော့ပေါ့ စဉ်းစားပေးဖို့ မဖြစ်သင့်ကြောင်း ပြောပါတယ်။

 အသက် ၄၉ နှစ်အရွယ် ရက်ဘ်ဟာ ကွန်ဆာဗေးတစ် ပါတီရဲ့ ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်ပြီး ဗြိတိန် အစိုးရရဲ့ တရားရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မှုကို ကြီးကြပ်ရတဲ့ Brexit ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

 မနှစ်တုန်းကတော့ ရက်ဘ်ဟာ သူ့ရဲ့ ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့စဉ် ကာလတွေမှာ လက်အောက် ငယ်သားတွေအပေါ် အနိုင်အထက် ပြုမူတာ၊ စော်ကားရန်လိုတာတွေ ရှိခဲ့တယ်လို့ တရားဝင် တိုင်ကြားမှုတွေ ဒါဇင်နဲ့ချီ ထွက်ပေါ်လာပါတယ်။ အဲဒီအတွက် ဝန်ကြီးချုပ် ဆူနက်ခ်က လွတ်လပ်တဲ့ စုံစမ်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းစေပြီး တိုင်ချက်တွေကို ကြားနာ စစ်ဆေးဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။

 အခုတော့ အဲဒီကော်မတီက ရက်ဘ်ဟာ တကယ်ပဲ ဝန်ထမ်းတွေအပေါ် နိုင်လိုမင်းထက် ပြုမူခဲ့တယ်လို့ ကောက်ချက်ဆွဲ ဖော်ပြခဲ့တဲ့နောက် ရက်ဘ်ဟာ ရာထူးက နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ရက်ဘ်နုတ်ထွက်မှုဟာ ဝန်ကြီးချုပ် ဆူနက်ခ်ရဲ့ အစိုးရ အဖွဲ့အတွက် ထိုးနှက်ချက် တခုလည်း ဖြစ်လာပါတယ်။

 ဒါပေမဲ့ ဆူနက်ခ်ဟာ အစိုးရ အဖွဲ့ကို ခပ်မြန်မြန် ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး သူ့ရဲ့ အနီးကပ် နိုင်ငံရေး မဟာမိတ်တွေဖြစ်တဲ့ အိုလီဗာ ဒိုဂန်နဲ့ အဲလက်စ် ချော့ခ်တို့ကို ဒုတိယ ဝန်ကြီးချုပ်နဲ့ တရားရေး ဝန်ကြီး ရာထူးတွေမှာ အသီးသီး ခန့်အပ်ခဲ့ပါတယ်။

 ဆူနက်ခ်ရဲ့ မဟာမိတ်တွေထဲမှာ ရက်ဘ်ဟာ အနိုင်ကျင့်မှု စွပ်စွဲချက်တွေကြောင့် ၆ လအတွင်း ဒုတိယမြောက် နုတ်ထွက်ရသူ ဖြစ်လာပါတယ်။ အရင်ကလည်း အလားတူ စွပ်စွဲချက်တွေကြောင့် အစိုးရရုံးဝန်ကြီး ဂေဗင် ဝီလျံဆမ်ဟာ ရာထူးက နုတ်ထွက်ခဲ့ရပြီး သူကိုယ်တိုင်ကတော့ ဘာအပြစ်မှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။