ဧပြီ၊ ၂၂
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လူမှုကွန်ရက် မီဒီယာ တခုဖြစ်တဲ့ Twitterပေါ်မှာ Follower အများဆုံး ရရှိထားတဲ့ အားကစားသမားအဖြစ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ Twitter အကောင့် စစ်မှန်မှုကို သက်သေခံတဲ့ blue markကို ဖယ်ရှားတာ ခံလိုက်ရပါပြီ။
ကမ္ဘာကျော် နည်းပညာ လုပ်ငန်းရှင် ဘီလီယံ သူဌေးကြီး အီလွန်မတ်စ်ခ်ရဲ့ လက်ထက်မှာ Twitterရဲ့ blue mark ပေးအပ်မှု မူဝါဒ အပြောင်းအလဲတွေမှာ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးလည်း ထိခိုက် ခံစားခဲ့ရပါတယ်။ မတ်စ်ခ်ဟာ Twitterကို အကျိုးအမြတ် ပိုမိုရရှိစေမယ့် ပလက်ဖောင်းအသွင် ပြောင်းလဲရာမှာ နာမည်ကြီး လူပုဂ္ဂိုလ်တွေရဲ့ အကောင့်တွေကို စစ်မှန် ခိုင်မာကြောင်း ပြသပေးတဲ့ blue markအတွက် လစဉ် ၈ ဒေါ်လာလောက် ငွေကြေး ကောက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အကျိုးဆက် အနေနဲ့ အခုသီတင်းပတ်ကစလို့ Twitterမှာ လူပုဂ္ဂိုလ် ထောင်ပေါင်းများစွာတို့ဟာ သူတို့ရဲ့ blue markတွေကို စတင် ဆုံးရှုံးလာကြပါတယ်။ Followerပေါင်း ၁၀၈ သန်းကျော် ပိုင်ဆိုင်ထားပြီး Twitterမှာ လူသိအများဆုံး အားကစား ကြယ်ပွင့်အဖြစ် ရပ်တည်နေတဲ့ ရော်နယ်လ်ဒိုရဲ့ blue markလည်း အခုတော့ ပျောက်ကွယ်သွားပါပြီ။
ရော်နယ်လ်ဒိုရဲ့ blue markကို ဖယ်ရှားစေခဲ့ပေမယ့် မတ်စ်ခ်ဟာ သူအကြိုက်ဆုံး အားကစား ကြယ်ပွင့်ဖြစ်တဲ့ ဘတ်စကက်ဘောသမား လီဘရွန်ဂျိမ်းစ်ရဲ့ blue mark ဆက်လက် တည်မြဲစေဖို့ လစဉ်ကြေးကို ကိုယ်ပိုင်ငွေကြေးနဲ့ စိုက်ထုတ်ပေးထားတယ်လို့ သိရပါတယ်။
မတ်စ်ခ်က blue mark ထားရှိပေးခြင်းကို ငွေရှာတဲ့ နည်းလမ်းတခုအဖြစ် လက်တွေ့ကျကျ ပြောင်းလဲ ကျင့်သုံးလာတဲ့အပေါ် ဝေဖန်မှုတွေလည်း အတော်လေး မြင့်တက်နေပါတယ်။ ရော်နယ်လ်ဒိုအပြင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နဲ့ ကမ္ဘာကျော် အဆိုတော် ဘီယွန်းဆေးတို့လို လူသိထင်ရှား ပုဂ္ဂိုလ် တော်တော်များများလည်း အခုအခါ Twitterမှာ blue mark မပိုင်တော့ပါဘူး။
Twitterဟာ အကောင့်တုတွေနဲ့ လိမ်လည် လှည့်ဖျားတဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့အတွက် နာမည်ကျော် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ အကောင့်တွေကို ၂၀၀၉ ခုနှစ်မှာ စတင်ပြီး blue markတွေနဲ့ အသိအမှတ်ပြု ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။