NUGရဲ့ အမျိုးသမီးတွေကို နေရာပေးမှု အမှန်တကယ် လုံလောက်ရဲ့လား

ဧပြီ၊ ၂၂

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင် စနစ်ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း တော်လှန်ရေးမှာ အဓိက ပဲ့ကိုင်တဲ့ အင်အားစု ဖြစ်လာတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ အမျိုးသမီးတွေနဲ့ ပတ်သက်ရင် ခိုင်မာ အားကောင်းတဲ့ ရလဒ်တွေ ဖန်တီးပေးနိုင်မှု အတော် အားနည်းခဲ့ပါတယ်။ NUGအပြင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)လိုမျိုး အရေးကြီးတဲ့ တော်လှန်ရေး အဖွဲ့အစည်းကြီးတွေထဲမှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေက ကြီးကြီးမားမား ချန်လှပ်ခံထားရဆဲ ဖြစ်ပါတယ်။

 အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့အတူ ကြားကာလ ပေါ်ထွန်းလာတဲ့ နိုင်ငံရေး သဘောတရားတွေထဲမှာ ထင်ရှားမြင်သာတဲ့ ရည်မှန်းချက် တခုကတော့ စစ်မှန်ခိုင်မာပြီး အားလုံး စုစည်း ပါဝင်နိုင်မယ့် ဒီမိုကရေစီ စနစ်မျိုး မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ ဆိုတာပါပဲ။ အဲဒီ ရည်မှန်းချက်မျိုးဟာ အမျိုးသမီးတွေ ဘယ်လို အကျုံးဝင်နိုင်မလဲ ဆိုတာကို မေးခွန်းထုတ်ဖို့ အမှန်တကယ် အံဝင် ကိုက်ညီသင့်ပါတယ်။ SACလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြိုင်ဆိုင်ပြီး ရပ်တည်နေတဲ့ ပင်မ အစုအဖွဲ့ ၃ ခုထဲမှာ NUGက တခုအပါအဝင် ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ခုကတော့ NUCCရယ်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)ရယ်ပါ။ အဲဒီ အစုအဖွဲ့ ခုနဲ့အတူ တခြား အဖွဲ့အစည်းနဲ့ အသင်းအဖွဲ့ပေါင်း ၂၀ လောက်ဟာ စစ်အာဏာရှင်ကို နိုင်ငံအနှံ့မှာ ဆန့်ကျင် တော်လှန်နေတဲ့ လှုပ်ရှားမှုတွေကို အားကောင်းကောင်းနဲ့ မောင်းနှင်ပေးနေပါတယ်။ NUGက သူတို့ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တခုတည်းသောနဲ့ အမှန်တကယ် တရားဝင်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

 ဖွဲ့စည်းပုံအရ NUGမှာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ၄ နေရာ ရှိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတ၊ ယာယီ သမ္မတနဲ့ ဝန်ကြီးချုပ်တို့ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ နှစ်ဦးစလုံးဟာ စစ်အာဏာသိမ်းမှု ပထမဆုံးနေ့ ကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးပြီး အကျဉ်းချခြင်းကို ခံနေရပါတယ်။ ဒီတော့ NUGမှာ အဲဒီရာထူးတွေ ခန့်အပ်ထားမှုဟာ လက်တွေ့ အသုံးဝင်မှုထက် အဆောင်အယောင် သဘော ပိုဆန်နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတနဲ့ ယာယီ သမ္မတတွေက နိုင်ငံခေါင်းဆောင်တွေအဖြစ် သတ်မှတ်ရမယ့် အခြေအနေမှာ ဝန်ကြီးချုပ်ကတော့ အစိုးရ အဖွဲ့ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူပါတယ်။

 NUG အစိုးရ အဖွဲ့ထဲမှာ ဝန်ကြီး ၁၇ ဦးရှိပါတယ်။ ဝန်ကြီးဌာနတွေထဲမှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ လူ့အခွင့်အရေး ဝန်ကြီးဌာနတွေလည်း ပါဝင်ပါတယ်။ ဒီဆောင်းပါးကို ရေးသားနေချိန်ထိ အတောအတွင်း တရားရေး ဝန်ကြီးဌာနနဲ့ စီးပွားရေး ဝန်ကြီးဌာနတွေကလွဲလို့ ကျန်ဌာန အားလုံးမှာ အတည်တကျ ခန့်အပ်ထားတဲ့ ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးတွေ ရှိကြပါတယ်။

 NUGရဲ့ ရည်မှန်းချက်က လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှ ရှိမှုတွေကို အာမခံချက် ပေးနိုင်မယ့် ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စု တခုကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် အနှစ်သာရ တန်ဖိုးတွေကတော့ ဒီမိုကရေစီ အခွင့်အရေး၊ ကျားမ တန်းတူညီမျှ ရှိမှုနဲ့ အခြေခံ လူ့အခွင့်အရေးတွေလို့ ဆိုရမယ့် တန်းတူညီမျှရှိမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှု၊ စုပေါင်း ခေါင်းဆောင်မှု၊ စုံလင်ကွဲပြားမှု၊ လူမှု သဟဇာတဖြစ်မှု၊ တပေါင်းတစည်းတည်း ရှိမှု၊ ခွဲခြားဆက်ဆံခြင်း မရှိမှုနဲ့ လူနည်းစု အခွင့်အရေးကို ကာကွယ်ပေးမှုတွေပဲ ဖြစ်ပါတယ်။

 NUGရဲ့ အဓိက အနှစ်သာရ တာဝန်တွေနဲ့ အပ်နှင်းခံထားရတဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့၊ ၂၀၂၁ ခုနှစ်မှာ ဖော်ထုတ်နိုင်ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စာတမ်းဆိုင်ရာ လမ်းပြမြေပုံတွေကို လက်တွေ့ ညှိနှိုင်း ဆောင်ရွက်ဖို့၊ နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ လူမှု အသင်းအဖွဲ့တွေနဲ့ လက်တွဲပြီး အားလုံး စုစည်းပါဝင်ပြီး သဘောတူ လက်ခံနိုင်မယ့် နိုင်ငံရေး သဘောတူညီမှုတွေ ရယူဖို့၊ ရှေ့ဆက် အကောင်အထည်ဖော်ဖို့တွေ အကျုံးဝင်ပါတယ်။

 ကျားမ စုံလင်စွာ ပါဝင်ခွင့် အတွေးအမြင်

သဘောတရား အရဆိုရင် ကျားမ စုံစုံလင်လင် ပါဝင်ခွင့် ဆိုတာက ကျားမ တန်းတူညီမျှ ရှိမှုနဲ့ နည်းနည်းတော့ ဆင်တူသလို ရှိပါတယ်။ အကျယ်ချဲ့ ရှင်းပြရမယ်ဆိုရင် အခွင့်အလမ်းတွေ၊ ရင်းမြစ်တွေ၊ လုပ်ငန်းစဉ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးဟာ အမျိုးသားနဲ့ အမျိုးသမီးတွေ၊ ယောက်ျားလေးနဲ့ မိန်းကလေးတွေအတွက် တန်းတူ လမ်းဖွင့်ပေးထားရမှာဖြစ်ပြီး ဖိုဝါဒ၊ ဒါမှမဟုတ် မဝါဒ တယူသန်မှုတွေကို လူမှုရေးရာ ကဏ္ဍတွေနဲ့ မျှော်မှန်းချက်တွေမှာ ထည့်သွင်း နေရာမပေးသင့်ပါဘူး။ နိုင်ငံရေးမှာ ပါဝင်ခွင့် ဆိုတဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရာထူးနေရာတွေနဲ့ စနစ်တွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ပါဝင်ဖို့ ညီတူမျှတူ အခွင့်အရေး ရှိရပါမယ်။ ပြီးတော့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်တွေမှာလည်း လုပ်ပိုင်ခွင့်နဲ့ သက်ရောက် လွှမ်းမိုးနိုင်စွမ်းတွေက ညီတူမျှတူ ရှိရမှာ ဖြစ်ပါတယ်။

 ဒီတော့ နိုင်ငံရေးမှာ ကျားမ စုံစုံလင်လင် ပါဝင်ခွင့် ဆိုတာက အမျိုးသမီး နည်းနည်းလောက်ကို ထည့်သွင်း နေရာပေး၊ ရောမွှေထားလိုက်မယ် ဆိုတာထက် အများကြီး အဓိပ္ပါယ် ပိုလေးနက်ပါတယ်။ လွှတ်တော်ထဲမှာ အမျိုးသားနဲ့ အမျိုးသမီး အမတ်တွေ အရေအတွက် တူတူညီညီ နေရာရပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီး ရာထူးတွေ ရယူရာမှာလည်း ညီတူညီမျှ ရှိရမယ် ဆိုတာထက်လည်း ပိုပြီး ကျယ်ပြန့်ပါတယ်။ မတူညီ ကွဲပြားတဲ့ နောက်ခံ အခြေအနေ ပေါင်းစုံက အမျိုးသား၊ အမျိုးသမီးတွေဟာ နိုင်ငံရေးဆိုင်ရာ ရာထူးနေရာတွေ၊ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ရင် ညီတူမျှတူ အခွင့်အရေး ရှိဖို့၊ ဆုံးဖြတ်ပိုင်ခွင့် နေရာတွေမှာ တူညီတဲ့ လုပ်ပိုင်ခွင့်၊ လွှမ်းမိုးနိုင်မှုတွေနဲ့အတူ ပါဝင်ခွင့်ရှိဖို့ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေကို လက်တွေ့ ဆောင်ယူနိုင်မယ်ဆိုရင် အားလုံး ခြုံငုံ ပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပြီး နိုင်ငံရေးအရ ခေါင်းဆောင်မှုမှာလည်း တူညီမျှတတဲ့ အခွင့်အရေးတွေကို ယူဆောင်လာနိုင်မှာပါ။ ပြီးတော့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ တရားရေးဆိုင်ရာ အတားအဆီးတွေကို ကျော်လွှားပြီး အမျိုးသမီးတွေရဲ့ နိုင်ငံရေးအရ ပါဝင်ပိုင်ခွင့်တွေကိုလည်း လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်။

 NUGက အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တခုကို သီးခြား ဖွဲ့စည်းပြထားခြင်းအားဖြင့် ကျားမပေါင်းစုံ ကွဲပြားစုံလင်စွာ ပါဝင်စေမှုကို လိုလားတယ်ဆိုတာ အထင်အရှား ပြသထားပြီး ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် လူ့အခွင့်အရေး ဝန်ကြီးဌာနကိုလည်း ပေါ်ထွန်းလာစေခဲ့ပါတယ်။ စီးပွားရေး ဝန်ကြီးဌာနရယ်၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရယ်မှာ လူနည်းစု တိုင်းရင်းသား မျိုးနွယ်ဝင် ကိုယ်စားလှယ်တွေက ဝန်ကြီးအဖြစ် ဦးစီး တာဝန်ယူနေကြပါတယ်။ NUGရဲ့ အရေးပါတဲ့ အရာရှိ ၃၇ နေရာအနက် ၂၄ ရာခိုင်နှုန်းကို အမျိုးသမီးတွေက ရယူထားပါတယ်။ စစ်တပ်က အာဏာသိမ်း ဖယ်ရှားတာ ခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရနဲ့ ယှဉ်ရင် NUGဟာ ပိုမို စုံလင်ကွဲပြားမှု၊ အမျိုးသား အမျိုးသမီးတွေ ဟန်ချက်ညီ ပါဝင်မှု ပိုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း NUGက အလေးထား စဉ်းစားတဲ့ နေရာမှာ တိုင်းရင်းသား မျိုးနွယ်စုတွေကို စုံလင်ရေးကို လိင်ကွဲပြားမှုထက် ပိုဦးစားပေးတယ်ဆိုတာ မြင်သာပါတယ်။ ပြီးတော့ NUGမှာ အမျိုးသမီး ဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ ရှိနေတယ် ဆိုပေမယ့် တကယ့် ထိပ်တန်း ရာထူးနေရာ အများအပြားမှာ အမျိုးသားတွေကသာ ဆက်လက် လွှမ်းမိုး ကြီးစိုးထားတုန်းပါပဲ။

  အလားတူစွာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေရဲ့ ဦးဆောင်မှုဆိုင်ရာ ဖွဲ့စည်းမှု စနစ်တွေမှာ အမျိုးသားတွေက အဓိက လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ EAOတွေဟာ စစ်အာဏာသိမ်းမှု မတိုင်ခင် ကတည်းက ရှိနှင့်ခဲ့ပြီး ဖြစ်ပေမယ့်လည်း အာဏာသိမ်းမှုအလွန် ပဋိပက္ခတွေမှာတော့ ပိုပြီး ထင်ရှားမြင်သာတဲ့ လှုပ်ရှားမှုတွေ ရှိလာပါတယ်။ လက်ရှိ NUGရဲ့ ခေါင်းဆောင်မှု ပုံစံကိုကြည့်ရင် ဗမာအမျိုးသား အများစုက လွှမ်းမိုးထားပြီး အမျိုးသမီးတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေကိုလည်း နေရာပေးထားပါတယ်။

 NUGရဲ့ ထိပ်ပိုင်းအဆင့် ရာထူးတွေ အားလုံးမှာ အမျိုးသားတွေကပဲ ကြီးစိုးထားပါတယ်။ (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ အမျိုးသမီးအဖြစ် ပါဝင်နေပါတယ်) အစိုးရ အဖွဲ့ဝင် ၁၇ ဦးထဲမှာ အမျိုးသမီး ၃ ဦးပါရှိပြီး စုစုပေါင်း ဒုတိယ ဝန်ကြီး ၁၅ ဦး ရှိတဲ့ထဲမှာ ၃ ဦးသာ အမျိုးသမီး ဖြစ်ပါတယ်။ အစိုးရ အဖွဲ့ထဲက အမျိုးသမီးတွေဟာ ဩဇာ သက်ရောက် လွှမ်းမိုးမှု အားနည်းတဲ့၊ ဒါမှမဟုတ် လိင်ကွဲပြားမှုကို ဆက်စပ် ထင်ဟပ်နိုင်စေတဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနမျိုး၊ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမျိုးတွေမှာ တာဝန် ယူထားရပါတယ်။ အလေးထားရမယ့် ခြွင်းချက် တခုကတော့ နိုင်ငံခြားရေး ဝန်ကြီးရာထူးမှာ ဒေါ်ဇင်မာအောင်ကို ခန့်အပ်ထားခြင်းပါပဲ။ သူကလည်း မြို့ကြီးပြကြီးက ပညာတတ် အသိုင်းအဝန်းကနေ ကြီးပြင်းလာသူ တဦးပါ။

 NUGက ကျားမစုံညီ ထည့်သွင်းစေရေး မဟာဗျူဟာမှာ အမျိုးသားတွေ ကြီးစိုးထားတဲ့ စနစ်မျိုးထဲ အထက်တန်းလွှာ အမျိုးသမီး တချို့ကို နေရာပေးဖို့ ရည်ရွယ်တယ်ဆိုတာ မြင်သာပါတယ်။ ဒီအခြေအနေက NUGရဲ့ ကျားမစုံညီ နေရာပေး ထည့်သွင်းဖို့ အခြေခံမူတွေနဲ့ ကွာဟနေပြီး NUG အတွင်းပိုင်းမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် သိသိသာသာ များပြားနေတာ မြင်သာပါတယ်။

 ပထမ အချက်အနေနဲ့ အမျိုးသမီးတွေကို ထည့်သွင်း နေရာပေးတယ် ဆိုတာက အမျိုးသမီးတွေရဲ့ နိုင်ငံရေးအရ ပါဝင် လုပ်ဆောင်ပိုင်ခွင့်ကို မြှင့်တင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ဒါပေမဲ့ NUGက အစိုးရ အဖွဲ့ထဲမှာ အမျိုးသမီးတွေကို ပိုမိုဖြည့်တင်း ထည့်သွင်းရုံနဲ့တော့ မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီး မညီမျှမှုတွေ အရိုးစွဲနေတဲ့ ပိုထင်ရှားတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မလုံလောက်သေးပါဘူး။ နိုင်ငံရေး ကဏ္ဍမှာ အမျိုးသမီးတွေအတွက် အခက်အခဲတွေ၊ အတားအဆီးတွေ ရင်ဆိုင်ရတယ် ဆိုတာက နိုင်ငံရေး နယ်ပယ်ထဲမှာ အမျိုးသမီးဦးရေ လုံလုံလောက်လောက် မရှိလို့လည်း မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ခေါင်းဆောင်နိုင်တယ်ဆိုတဲ့ အတွေးအခေါ် တခုက နက်နက်ရှိုင်းရှိုင်း ဆက်ပြီး အမြစ်တွယ်နေသေးတာကြောင့်ပါ။ အမျိုးသမီးတွေ နိုင်ငံရေး နယ်ပယ်ထဲ များများ ရောက်လာရုံနဲ့ ဒီပြဿနာ မပြေလည်ပါဘူး။

 နောက်တချက်က အမျိုးသမီးအားလုံး တပြေးညီတည်း၊ တသဘောတည်း ရှိကြမှာ မဟုတ်တာကို နားလည်ဖို့ လိုပါတယ်။ အမျိုးသမီးတွေမှာ ကွဲပြားတဲ့ လိုအပ်ချက်တွေ၊ အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ ရှိကြပါလိမ့်မယ်။ ဒီတော့ အမျိုးသမီး အနည်းအကျဉ်းလောက်ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်ရုံနဲ့လည်း မြန်မာနိုင်ငံက အမျိုးသမီးထုကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အားလုံး ရှင်းလင်းသွားမှာ မဟုတ်တာကို ပကတိ အခြေအနေအတိုင်း သဘောပေါက်ရပါမယ်။

 အဆုံးသတ် အနေနဲ့ကတော့ အမျိုးသမီးရေးရာနဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တခုတည်း သတ်မှတ်ထားတာမျိုးကလည်း အမျိုးသမီးတွေက နိုင်ငံကို ဦးဆောင်ဖို့ထက် မိသားစုကို စောင့်ရှောက်ဖို့ ပိုပြီး ထူးချွန်တယ်၊ သင့်တော်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ ဆက်နွှယ်မှု ရှိကောင်း ရှိပါလိမ့်မယ်။

 NUGဟာ မြန်မာနိုင်ငံ သမိုင်းကြောင်းမှာ အသွေးအရောင် အစုံလင် အများပြားဆုံး အစိုးရ တရပ်လို့ သတ်မှတ်နိုင်တယ် ဆိုရင်တောင်မှ နိုင်ငံ လူဦးရေနဲ့ အချိုးချ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တန်းတူညီမျှ ရှိခြင်းဟာ လိင်ကွဲပြားမှု ရှုထောင့်က ချဉ်းကပ်ရင် ကွာဟချက် အရမ်းကြီးနေဆဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် NUGရဲ့ ဖွဲ့စည်းပုံဟာ အမျိုးသမီးတွေကို နေရာပေး ထည့်သွင်းမှုထက် တိုင်းရင်းသား မျိုးနွယ်စု စုံလင်မှုကို ပိုပြီး အသားပေးထားပါတယ်။ အမျိုးသမီးတွေကို ပိုပြီး ထိရောက် အားကောင်းတဲ့ ရွေးချယ်မှုမျိုးတွေနဲ့ နေရာ မပေးနိုင်ဘူးဆိုရင် NUGဟာ အမျိုးသမီးတွေရဲ့ လက်တွေ့ ကောင်းကျိုးထက် အမြင်လှရုံသာ နေရာပေးနေတာပါ ဆိုတာမျိုး ထင်မြင်မှုတွေကို ကြုံလာရမှာ ဖြစ်ပါတယ်။

 

The Diplomat၏ Gender Inclusion in Myanmar’s National Unity Government: Add Women and Stir? ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်။