ရန်ကုန်နဲ့ မန္တလေးမှာ အပူတိုးလာလို့ ဟိုတယ်၊ တည်းခိုခန်းတွေမှာ အပူရှောင်နေထိုင်လာကြ

ဧပြီ၊ ၂၁

ရန်ကုန်၊မန္တလေးရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မီးပျက်တာနဲ့ အပူဒဏ်ကိုရှောင်ဖို့ လာရောက်တည်းခိုကြတဲ့သူတွေ များပြားလာတာကြောင့် အခန်းတွေပြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ယခုရက်ပိုင်း ရန်ကုန်၊ မန္တလေးနဲ့ နေရာဒေသအတော်များများမှာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေပြီး အပူချိန်အလွန်မြင့်တက်နေတာကြောင့်  ဒေသခံတွေ အပူဒဏ်ကို အတော်ခံနေရပြီး အလုပ်တွေလည်း မပြီးတာကြောင့် အခုလို ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ လာရောက်အပူရှောင်နေရတာလို့ ပြောပါတယ်။

“သင်္ကြန်ထဲက မီးကတနေ့ကို ၄နာရီလောက်ပဲလာတယ်၊ အလုပ်တွေမပြီးဘူးပေါ့နော်၊ မီးပျက်ပြီဆို အလုပ်ကမဖြစ်တော့ဘူး၊ ကျမတို့က onlineshop ဆိုတော့ ပိုပြီး ဒုက္ခတွေ့တယ်၊liveလွှင့်ပြီးစျေးရောင်းရတဲ့အခါ မီးဒုက္ခရော၊ ပူတဲ့ဒဏ်ကြောင့် အလုပ်မဖြစ်ဘူး၊ကလေးတွေကလည်း  အွန်လိုင်းက ကျောင်းတက်နေတော့ အကုန်လုံး အဆင်ပြေအောင် မိသားစုလိုက်သွားတည်းဖြစ်တယ်”လို့  ရန်ကုန်မြို့နေ အွန်လိုင်းရှော့အလုပ်လုပ်ကိုင်သူ တဦးက DNAကိုပြောပါတယ်။

အခုလို ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေမှာ အပူဒဏ်ရှောင်တဲ့သူတွေများလာသလို မွေးကင်းစကလေးမိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ ၊ကျန်းမာရေးမကောင်းတဲ့သူတွေကလည်း အခုအခြေအနေကို အံတုနိုင်ဖို့ ဟိုတယ်နဲ့ နီးစပ်ရာတည်းခိုခန်းတွေသွားနေရပါတယ်။ 

“ကလေးကပူလွန်းလို့မအိပ်နိုင်တော့ ညဘက်ဆိုလည်းကလေးငိုတော့ ကောင်းကောင်းမအိပ်ရဘူး၊ နေ့ဘက်လည်း ကလေးကငယ်တော့ ပူလွန်းလို့ တအားငိုနေတော့ အပူရှောင်ရတာဘဲ၊ အိမ်မှာကမီးက လာလိုက်၊ပျက်လိုက်နဲ့ တခါတလေဆိုရင်တနေကုန်မလာဘူး၊ဟိုတယ်နဲ့တည်းခိုခန်းခတွေကလည်းစျေးကြီးတော့ အမြဲမတည်းနိုင်ပါဘူး။ ညဆိုကလေးအိပ်ဖို့ တညလုံးယပ်ခပ်ပေးနေရတာနဲ့တင် တော်”ဒုက္ခရောက်တယ်”လို့ မန္တလေးမြို့နေ ကလေးမိခင်တဦးက ပြောပြပါတယ်။ 

အခုလို မီးပျက်တဲ့အခြေအနေတွေမှာ ဟိုတယ်နဲ့ တည်းခိုခန်းပို အပူလာရှောင်သူတွေများလာသလို၊ မွေးနေ့ပွဲ၊ပါတီပွဲနဲ့ ဆွေးနွေးပွဲတွေ လာရောက်ကျင်းပကြတာကြောင့် ဟိုတယ်တွေ၊ တည်းခိုခန်းတွေပြန်လည်လည်ပတ်နေနိုင်ပေမယ့် အဲကွန်းနဲ့ အခြားလိုအပ်တဲ့ လျှပ်စစ်အတွက်  မီးစက်မောင်းပြီး ဝန်ဆောင်မှုပေးနေရတာကြောင့် ကုန်ကျစရိတ်ပိုများပြီး အခက်အခဲတွေလည်းရှိနေတယ်လို့ ချမ်းအေးသာစံရှိ အသေးစားဟိုတယ်မန်နေဂျာတဦးကဆိုပါတယ်။ 

“ သူ့ဟာနဲ့သူတော့ လာကြပါတယ်၊ အရင်ကထက် ပိုလာကြတယ်၊ မွေးနေ့ပွဲတို့ ဓာတ်ပုံလာရိုက်ကြတဲ့သူတွေလည်း ပေါလာတယ်၊တည်းဖို့ဘဲမဟုတ်ဘူး၊ အလုပ်လာလုပ်ကြတဲ့သူတွေရောဆိုတော့ လုပ်ငန်းတွေက သူ့ဟာသူလည်ပတ်နေနိုင်တယ်ဆိုတဲ့ အနေအထားပါပဲ၊ဘာလို့လဲဆိုတော့ မီးကပျက်နေတာကများတယ်၊ မီးစက်ဆိုတာက ဓာတ်ဆီထည့်သုံးရတော့ ဓာတ်ဆီစျေးကလည်း ခေါင်နေတာဘဲလေ၊ အဲ့ဒီလို အခက်အခဲလေးတွေလည်း ရှိပါတယ်”လို့ပြောပါတယ်။

မီးပျက်ချိန် မီးစက်မောင်းပေးရတဲ့အတွက် အခန်းခကို ပုံမှန်ထက် တိုးပြီး တောင်းယူတာမျိုးတွေ ရှိလာတယ်လို့လည်း သွားရောက်တည်းခိုသူတွေကပြောကြပါတယ်။ တည်းခိုခန်းခတွေက ၃၀၀၀၀ကနေ ၅၀၀၀၀အထိရှိပြီး ဟိုတယ်ကြီးတွေကတော့ ၅၀၀၀၀အထက်နေ သိန်းနဲ့ချီရှိတယ်လို့လည်းဆိုပါတယ်။ အနိမ့်ဆုံးတည်းခိုခန်းတွေမှာတော့ ပန်ကာတွေတပ်ဆင်ပေးထားတယ်လို့လည်းပြောပါတယ်။ 

သကြင်္န်ပိတ်ရက်ပြီးတဲ့နောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးရွားရွားဖြစ်လာပြီး တရက်မီးလာချိန် ၄ နာရီလောက်သာရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ ပုံမှန်နေ့တွေကတော့ အလုပ်ဆင်းနေရတော့ တနေကုန်ကအလုပ်မှာပဲ၊ညဆိုရင်တော့ နေ့ခင်းဘက်လောက်မပူတော့ပေမယ့် အိမ်ထဲမှာ မိသားစုတွေကများတော့မနေနိုင်လို့ ညခင်းအိမ်နားက ဘုရားသွားတာမျိုး၊ အိမ်ရှေ့ဆင်းထိုင်တာမျိုးတွေလုပ်ဖြစ်တယ်၊ အချို့လည်း ဒီကာလအပူရှောင်ဖို့ မြန်မာပလာဇာတို့၊ ဂျန်းရှင်းစီးတီးတို့၊ စီးတီးမတ်တွေသွားတာတွေရှိပါတယ်၊အစ်မတို့တော့ အိမ်ထဲအိမ်အပြင်ဘက်က အရိပ်ရတဲ့ အပင်အောက်တို့ အဲ့လိုနေရာတွေမှာ ဖျာခင်းပြီး ထိုင်ဖြစ်တယ်”လို့  တောင်ဒဂုံမြို့နေထိုင်သူတဦးကပြောပါတယ်။ 

အပူဒဏ် ရှောင်ရှားဖို့ ဟိုတယ်နဲ့တည်းခိုခန်းတွေကို သွားရောက်တည်းခိုကြတဲ့သူတွေရှိနေသလို ကုန်တိုက်နဲ့ စျေးဝယ်စင်တာတွေမှာ လာရောက်အပူရှောင်နေကြတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။