ဧပြီ၊ ၂၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ထိုမာရွာထဲ ဒီကနေ့ ဧပြီ ၂၁ရက် မွန်လွဲပိုင်းက လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲလို့ ပန်းရံလုပ်နေတဲ့ အလုပ်သမား သုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
” ရွာထဲမှာပန်းရံလုပ်နေတဲ့သူတွေနားကျတာ၊သုံးယောက်သေတယ်၊တယောက်ကတော့ ကျောကိုပွင့်သွား တယ် ပြောတယ်၊တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး၊ခုလက်နက်ကြီးနဲ့ထုတာဟာ GTC ကနေထုတာ ” လို့ ကလေးဒေသခံ တဦးကပြောပါတယ်။
ကလေးမြို့နဲ့ခြောက်မိုင်ဝန်းကျင်အကွာ မြို့တောင်ဘက် ဂန့်ဂေါ-ကလေး ကားလမ်းအနီးက ထိုမာရွာနဲ့ အနီး တဝိုက်မှာ ဒီကနေ့ တိုက်ပွဲဖြစ်တာ၊စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရတာတွေမရှိဘဲ ကလေးနည်းပညာ တ က္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ ကလေးနည်ပညာတက္ကသိုလ်ဟာ ထိုမာရွာရဲ့အနောက်ဘက် မိုင်ဝက်အကွာ လောက်မှာရှိပါတယ်။အဲ့ဒီတက္ကသိုလ်ထဲကနေ အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ထိုမာရွာ၊ ပေါက်ခုံရွာအနီးနဲ့ ချင်းဆိုင်ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ထိုမာရွာထဲလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုမှာ ပန်းရံအလုပ်သမားသုံးဦးသေဆုံးသွားသလို နောက်ထပ် ခြောက်ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပြီး ပေါက်ခုံရွာနဲ့ ချင်းဆိုင်ရွာတွေမှာတော့ ထိခိုက် ဒဏ်ရာရသူရှိမရှိမသိရသေးပါဘူး။
ကလေးနည်းပညာတက္ကသိုလ်ထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အခုလို အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ် မှုတွေမကြာမကြာလုပ်လေ့ရှိသလို လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလည်း လုပ်လေ့ရှိတယ်လို့ က လေးမြို့ခံတွေကပြောပါတယ်။