ဧပြီ၊ ၂၁
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့အနီးတဝိုက်မှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မန္တလေး PDF နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်ပွါးပြီး စစ်ရေးတင်းမာနေဆဲမို့ စစ်ရှောင်နေရတဲ့ ဒေသခံ ၄၀၀၀ နီးပါးလောက်ဟာ နေရပ်ရွာတွေကို မပြန်ရဲသေးဘူးလို့ အဲဒီဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာ နောင်ချိုမြို့နယ်အတွင်းက ဒိုးပင်နဲ့ ကုလားကွဲစတဲ့ ကျေးရွာတွေက ဒေသခံထောင်ကျော်လောက်ဟာ ဧပြီလ ဒုတိယအပတ်လောက်ကတည်းက နောင်ချိုမြို့ပေါ်ကို လာရောက်စစ်ရှောင်နေရတယ်လို့ ဒိုးပင်ရွာဒေသခံတဦးက ပြောပါတယ်။
” ကျမတို့ ရွာကထွက်လာတာ ၁၀ ရက်လောက်တောင် ရှိပြီပေါ့။ ရွာမှာလည်း တယောက်မှ မရှိကြတော့ဘူးလေ။ ဘယ်သူမှ မနေရဲကြလို့ အကုန်ထွက်ပြေးနေရတယ်။ မနေ့က ရွာဘက်ဖုန်းဆက်ကြည့်တော့ တိုက်ပွဲတွေဖြစ်မယ့်ပုံစံရှိတယ် ကြားတာလေ။ အခုတော့ အကုန်မြို့ပေါ်တက် စစ်ရှောင်နေရတယ်လေ။ ကျမအခုအမျိုးတွေဆီ ခဏနေတယ် တချို့ကလည်း ဘုန်းကြီးကျောင်းတွေ သွားနေတယ်။ အဓိကတော့ လက်နက်ကြီးတွေကြောက်လို့ပါ ” လို့ သူကပြောပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့အစပ်က ကျေးရွာတွေမှာ မန္တလေး PDF တွေနဲ့ စစ်အုပ်စုတို့ ဧပြီလ ၅ ရက်နေ့မှာ စတင်ပြီး ၁၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့သလို လက်ရှိအချိန်အထိလည်း စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဟိုခဲ၊ ဟိုခို၊ သံဘို၊ ကုန်ကြီး၊ ဒိုးပင်၊ နားခါး ၊ ကြူအင်း၊ လုံခန်၊ အင်းမ စတဲ့ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံလေးထောင်နီးပါးလောက်က ဒီလ အစောပိုင်းကတည်းကစပြီး စစ်ရှောင်နေကြရသလို လက်ရှိအချိန်အထိလည်း နေရပ်မပြန်နိုင်ဖြစ်နေသေးတာပါ။
” အခု နောင်ချိုမြို့က အုမ္မသီးကျောင်း၊ လမ်းခွဲကျောင်း၊ ဘန့်ဘွေးကျောင်းတွေမှာ စစ်ရှောင်နေရတယ်။ တချို့ကလည်း အိမ်ငှားနေကြတာရှိသလို ဆွေမျိုးတွေအိမ်လိုက်နေကြတဲ့သူတွေလည်း ရှိပါတယ်။ အိမ်မပြန်ရဲကြဘူး အားလုံးက စိုရိမ်နေကြတယ်။ စစ်တပ်က ရွာတွေထဲရောက်ရင် ရွာသားတွေကို လွတ်လွတ်လပ်လပ်ပေးသွားတာမျိုး မရှိဘူး။ ဖမ်းဆီးရိုက်နှက်တာတွေလည်းလုပ်တော့ ကြောက်ရတယ်လေ။ အခုတပ်က ကျနော်တို့ရွာထဲရောက်နေတယ်လို့ ကြားတယ် ” လို့ ဟိုခိုရွာသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းကတဆင့် ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၂၀ လောက် ထိခိုက်ပျက်ဆီးခဲ့ရသလို အရပ်သား ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့သလို လက်ရှိအချိန်အထိလည်း စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေထပ်မံဖြစ်ပေါ်လာနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA )က ထုတ်ပြန်ထားပါတယ်။
နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတဲ့သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေအိမ်တချို့