ဧပြီ၊ ၂၁
မန္တလေးတိုင်း စဉ့်ကူးနဲ့ ဝက်လက်အစပ်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က စဉ့်ကူးနယ် ခက်သင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တရာလောက် ပျက်စီးသွားသလို ခက်သင်နဲ့ ဘုံသာကုန်း ရွာတွေက ဒေသခံတချို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်အတွင်း သောင်ကျွန်းတွေပေါ်က ဘုံသာကုန်းရွာနဲ့ ခက်သင်ရွာတွေကို စစ်ကောင်စီက မနေ့က စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာ ခက်သင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ပစ်ခတ်မှုတွေကြောင့် ခက်သင်ရွာက အသက်နှစ်ဆယ်ဝန်းကျင်အရွယ် မဆုမြတ်မြတ်ထက်နဲ့ အသက်(၄၇)နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့သလို ဘုံသာကုန်းရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ ဦးဖိုးပြား ဆိုတဲ့သူက ပျောက်နေတာ၊ တချို့က သေတယ်လို့ အတည်မပြုနိုင်သေးဘူးဖြစ်နေပေမယ့် ရေဆိပ်မှာ အသတ်ခံရပြီးတော့ ရေထဲချခဲ့တယ်လို့ ပြေးလာတဲ့သူတွေက ပြောတယ် ” လို့ စဥ့်ကူးဒေသခံတဦးက DNA ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲက ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသွားကြပြီး ဘုံသာကုန်းရွာအတွင်း နေအိမ်တွေက ငွေသားကျပ်သိန်းလေးဆယ်နဲ့ ရွှေထည်နှစ်ကျပ်သား ယူသွားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မွှေနှောက်ခဲ့တဲ့ ခက်သင်ရွာ၊ ဘုံသာကုန်းရွာနဲ့ ပေါက်ကုန်းရွာက ပြည်သူထောင်ဂဏန်းလောက် နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာတွေထဲကို ပြန်ဝင်ဖို့ ကြောက်ရွံနေကြတယ်လို့လည်း သိရပါတယ်။
“ ဘုံသာကုန်းမှာတော့ ပစ္စည်းလည်း ယူတယ်၊ စိတ်မနှံ့တဲ့သူတယောက်လည်း ပစ်သတ်သွားသေးတယ်၊ ခုကတော့ မီးလောင်ထားတော့ စားနပ်ရိက္ခာတွေဘာတွေ လိုတာပေါ့၊ အားခြင်းရှောင်ရတော့ ဘာမှပြင်ဆင်ချိန်မရဘူး ” လို့ ခက်သင်ရွာဒေသခံတဦးက ပြောပါတယ်။
စဥ့်ကူးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က မနေ့ကစစ်ကြောင်းထိုးခဲ့ သလိုစဥ့်ကူးမြို့နယ်နဲ့ကပ်ရက် ဝက်လက်နယ်ထဲမှာလည်း စစ်ကောင်စီရဲ့အထိုင်စစ်ကြောင်းတွေဟာ ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်တာတွေ ရှိနေလို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ မကြာမကြာဖြစ်နေတယ်လို့ ဝက်လက်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
” ဝက်လက် ရွာသာကြီးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်ကို ကျွန်တော်တို့ မနေ့က ဝင်တိုက်တယ်၊ မနက်ပိုင်းကို သူတို့ဘက်က တယောက်ကျတယ်၊ နေ့လယ်ပိုင်းလောက်မှာ နှစ်ယောက်ရတယ်၊ ပေါင်းသုံးယောက်ပေါ့၊ ဒီကောင်တွေက အဲ့မှာအထိုင်ချတာတော့ ကြာနေပြီ၊ မနေ့ကတော့ တိုက်ပွဲဖြစ်ပါတယ်၊ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ပစ်တာပေါ့ ” လို့ ဝက်လက် ၂၃ ကာကွယ်ရေးစုပေါင်းအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့က ဝက်လက်မြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းနှစ်ခုလုံးမှာ လှုပ်ရှားမှုရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝက်လက်နယ်အနောက်ခြမ်း လှတောရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုလုပ်နေသလို ဟံလင်းမြို့ဟောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ Wetlet Information Network က ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိနေပြီး အိမ်ခြေပေါင်း ခြောက်သောင်းထက်မနည်း မီးရှို့ခံထားရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – wetlet information network