ပုပ်ရဟန်းမင်း၊ ဘီယွန်းဆေးတို့ရဲ့ blue markတွေကို ဖယ်ရှားလိုက်တဲ့ Twitter

ဧပြီ၊ ၂၁

ပုပ်ရဟန်းမင်းကြီးနဲ့ ကမ္ဘာကျော် အဆိုတော် ဘီယွန်းဆေးတို့ဟာ Twitterရဲ့ စိစစ် အသိအမှတ်ပြုမှု သင်္ကေတ blue markတွေကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။

ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ တခုဖြစ်တဲ့ Twitterကို နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က လွှဲပြောင်း ဝယ်ယူခဲ့တဲ့နောက် အကျိုးအမြတ်ကို ဦးစားပေးတဲ့ လုပ်ငန်းတခုအဖြစ် ပြန်လည် ပြင်ဆင် ပြောင်းလဲနေခြင်းရဲ့ အစိတ်အပိုင်း တခုအဖြစ် နာမည်ကျော် လူသိများ ပုဂ္ဂိုလ် အများအပြားဆီက တရားဝင် အသိအမှတ်ပြုမှု blue markတွေကို ပြန်ဖြုတ်သိမ်းနေပါတယ်။

 ထင်ရှားကျော်ကြားသူတွေ အနေနဲ့ သူတို့ရဲ့ blue markကို ဆက်ထိန်းသိမ်းထားချင်တယ်ဆိုရင် တနှစ်ကို ၈၄ ဒေါ်လာလောက် Twitterဆီ ငွေပေးသွင်းရမှာ ဖြစ်ပါတယ်။ ဧပြီ ၂၀ ရက်နေ့မှာတော့ ပုပ်ရဟန်းမင်းကြီးနဲ့ ဘီယွန်းဆေးတို့ အပါအဝင် လူသိထင်ရှား ပုဂ္ဂိုလ် ထောင်သောင်းချီပြီး blue markတွေ ပျောက်ကုန်ကြတာကို Twitter သုံးစွဲသူတွေက သတိထားမိခဲ့ကြပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အထိပ် ပုဂ္ဂိုလ်ကြီးနဲ့ ခေတ်သစ် Popဘုရင်မ တဦးလို့ တင်စားခံရသူတို့ပါ ငွေမသွင်းရင် Twitterရဲ့ အသိအမှတ်ပြု blue mark မရနိုင်ဘူးလို့ အင်တာနက် သုံးစွဲသူတွေက မတ်စ်ခ်ကို လှောင်ပြောင်နေကြပါတယ်။ New York Timesလို နာမည်ကြီး သတင်းဌာန တချို့လည်း သူတို့ရဲ့ blue markကို ဆုံးရှုံးလိုက်ရပါတယ်။

အမေရိကန် အိုလံပစ် အားကစားမယ် လိုလိုဂျုံးစ်ကတော့ အခုအချိန်ထိ သူ့ရဲ့ Twitterအကောင့်က blue mark မပြုတ်သေးပေမယ့် အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မပြောတတ်သေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

အောင်မြင် ကျော်ကြားသူတွေရဲ့ အကောင့် အမှန်ဖြစ်ကြောင်း အတည်ပြုပေးတဲ့ blue mark သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တချို့ကလည်း ခွဲခြား ဆက်ဆံမှု တခုလို့ ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အကောင့်တုတွေ၊ အယောင်ဆောင် အကောင့်တွေရဲ့ အန္တရာယ်ကို ကျော်လွှားဖို့အတွက် blue markနဲ့ စိစစ် အတည်ပြုမှုက အမှန်တကယ် လိုအပ်တယ်လို့ ယူဆသူတွေလည်း ဒုနဲ့ဒေးပါပဲ။

Twitterဟာ အကောင့်တု ပြဿနာကြောင့် ပရော်ဖက်ရှင်နယ် ဘေ့စ်ဘော ကစားသမားဟောင်း တဦးရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရတဲ့နောက် နာမည်ကျော်တွေကို စိစစ် အတည်ပြုပေမယ့် blue mark အစီအစဉ်ကို ၂၀၀၉ ခုနှစ်မှာ စတင် မိတ်ဆက်ပြီး အောင်မြင်တဲ့ feature တခုအဖြစ် အစဉ်တစိုက် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

 

Ref: BBC